လားရှိုး၊  ၁၆ ဒီဇင်ဘာ 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်းပွဲကျေးရွာရှိ တောင်သူ ဦးစိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူသီးနှံ (GAP and Water Management) စံပြစိုက်ခင်းသို့ ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီခွဲက သွားရောက်ကွင်းဆင်း ကြည့်ရှုကြကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်သည် ဟင်းသီးဟင်းရွက်သစ်သီးဝလံ အမျိုးအမည်စုံလင်စွာ စိုက်ပျိုးထုတ်လုပ်သည့် ပြည်နယ်ကြီးတစ်ခုဖြစ်သဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများသည် ရှမ်းပြည်နယ်မှ ထွက်ရှိသော သီးနှံများကို စားသုံးရပြီး ပြည်သူတစ်ရပ်လုံး၏ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် အရေးကြီးသည့် ပြည်နယ်လည်းဖြစ်ကြောင်း​၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂၀၁၆-၂၀၁၇ ခုနှစ်မှစ၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ လိုက်နာကျင့်သုံးစိုက်ပျိုးခြင်းကို စတင်ဆောင်ရွက်လာခဲ့သည်မှာ (၄)နှစ်တာကာလအတွင်း သီးနှံပေါင်း အမျိုး(၂၀)ကို အသိအမှတ်ပြုလက်မှတ်များရရှိအောင် ပညာပေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ လိုက်နာကျင့်သုံးခြင်းကို ပညာပေးလုပ်ငန်းများမှတစ်ဆင့် ယခုအချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်သော GAP အထူးဇုန်ကြီးများ ဖော်ဆောင်စိုက်ပျိုး ထုတ်လုပ်သွားရန် လိုအပ်သဖြင့် လက်ဖက်၊ နာနတ်၊ အာလူး၊ ငရုတ်၊ ကြက်သွန်ဖြူ၊ မက္ကဒေးမီးယားစသည့် သီးနှံများကို ဧကထောင်ချီစိုက်ပျိုးသော GAP အထူးဇုန်ကြီးများအဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု သိရပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အနေဖြင့် ယခုနှစ် ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူဧက (၁၀၀၀၅)ဧက စိုက်ပျိုးရန် လျာထားသည့်အနက် လားရှိုးမြို့နယ်တွင် (၁၅၉၅)ဧက စိုက်ပျိုးသွားမည်ဟုသိရပြီး ယခင်နှစ်ကလည်း သိန်းနီမြို့နယ်တွင် ကြက်သွန်ဖြူဧက(၂၀၀) GAP စနစ်ဖြင့် ထုတ်လုပ်နိုင်ခဲ့ သည်ကို သိရှိရပါကြောင်း၊ ယနေ့ တက်ရောက်လာသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်း များ လိုက်နာကျင့်သုံး စိုက်ပျိုးထုတ်လုပ်ပြီး ထုတ်လုပ်သူစားသုံးသူများအားလုံး ဘေးကင်းလုံခြုံရေးကို ဆောင်ရွက်ကြ သည့် အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လားရှိုးမြို့နယ် ကြက်သွန်ဖြူ GAP စိုက်ပျိုးတောင်သူများအား သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူများကိုယ်စား တောင်သူ ဦးစိုင်းထွန်းလှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လားရှိုးမြို့နယ်၊ မန်းပွဲလုံကျေးရွာအုပ်စု၊ မန်းပွဲကျေးရွာတောင်သူ ဦးစိုင်းထွန်းလှိုင်၏ ကြက်သွန်ဖြူ GAP စိုက်ခင်းတွင် ရေစုဆောင်းထားခြင်းနှင့် ရေချွေတာသုံးစွဲမှု (Water Management) ဆောင်ရွက်ထားရှိမှုနှင့် ကွင်းသရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)