ယနေ့သည် ကမ္ဘာသုံးပြက္ခဒိန်နှစ်တစ်နှစ်၏ နောက်ဆုံးနေ့ဖြစ်၍ ညဉ့်လယ်သန်းခေါင်ယံ၏ ဟိုမှာဘက်တွင် နှစ်သစ်တစ်ခု စဦးတော့မည်ဖြစ်သည်။ အနာဂတ်ဆီသို့ တစ်သမတ်တည်း စီးဆင်းနေသည့် အချိန်စီးကြောင်းကြီးကို စက္ကန့်၊ မိနစ်၊ နာရီ၊ ရက်၊ လတို့ ပိုင်းခြားသတ်မှတ်ကာ လူရေး လူမှု လူ့ကိစ္စတို့အတွက် အမှတ်အသားပြု သုံးစွဲနေကြသည့်တိုင် လူတစ်ဦးချင်းစီအတွက် ကိုယ်ပိုင်အချိန်မှာ မွေးသည်မှ သေသည်အထိဖြစ်သော ဘဝ ဖြစ်တည်ချိန်၊ ရှင်သန်ချိန်သာလျှင် ဖြစ်သည်။ ဗုဒ္ဓ၏ တရားတော် အရဆိုလျှင် ပစ္စုပ္ပန်၏ အခိုက်အတန့်ကလေးများသည်သာ ကောင်းမှု၊ မကောင်းမှုတို့ကို ဆောင်ရွက်နိုင်သည့် ကိုယ်ပိုင်အချိန် ကလေးများဖြစ်ပြီး ပြီးဆုံးသွားသည့် အတိတ်နှင့် ရောက်မလာ သေးသည့် အနာဂတ်တို့မှာ မိမိတို့မပိုင်။
“ကာလော ဃသတိ ဘူတာနိ၊ သဗ္ဗာနေဝ သဟတ္တနာ။ ကာလော- အချိန်ကာလသည်၊ သဗ္ဗာနေဝ- အားလုံးကုန်သော၊ ဘူတာနိ - သတ္တဝါတို့ကို၊ အတ္တနာသဟ - အချိန်နှင့်အမျှလျှင်၊ ဃသတိ - စားနေ၏။” ဟု တရားတော်၌ လာရှိရာ မိမိတို့၏ အချိန်ကို မမေ့မလျော့ရန်၊ အလေးဂရုပြုရန်၊ တန်ဖိုးထားရန် တိုက်တွန်းနှိုးဆော်နေခြင်းပင်ဖြစ်သည်။ ဤလောက၌ လူအဖြစ် ကို ရလာခဲ့ကြပြီးသည့်နောက် လူတစ်ဦးနှင့်တစ်ဦးတို့ တန်ဖိုးချင်း မတူ၊ မိမိတို့ကိုယ်တိုင် သတ်မှတ်သည့် တန်ဖိုးများဖြင့် ဘဝကို ရှင်သန်ကြခြင်းဖြစ်ရာ လောကနှင့် လူသားတို့၏အကျိုးကို သယ်ပိုးသူ၊ နိုင်ငံနှင့်လူမျိုး၏ အကျိုးကိုသယ်ပိုးသူ၊ ယင်းသို့ သယ်ပိုးနိုင်စွမ်းရှိစေရန် မိမိကိုယ်ကို ဖြည့်ကျင့်သူတို့မှာ တန်ဖိုးမြင့်မားသော၊ ကြီးမြတ်သောသူများဖြစ်ပြီး ၎င်းတို့ကြောင့် ကမ္ဘာ လောကတွင် ကောင်းမြတ်သောတရားများ ဖြစ်ထွန်းရသည်။ အေးချမ်းသာယာရသည်။ “အချင်းတို့… ကိုယ်ကျိုးစီးပွားအတွက် အားမထုတ်မီ မိမိတို့၏ကိုယ် နှုတ် နှလုံးကို ကောင်းအောင် ပြုပါဦးလော့”၊ “လူဖြစ်ကာမတ္တသည် မြတ်နိုးစရာမဟုတ်သေး၊ လူကောင်းဖြစ်ရခြင်းသာ မြတ်နိုးစရာ စင်စစ်ဖြစ်၏” ဟူသော ဂရိပညာရှိကြီး စော့ခရတ္တိ၏ ဟောကြားချက်တို့နှင့်အညီ မိမိ၏ ကိုယ်နှုတ်နှလုံးကို ကောင်းအောင်ပြုပြင်ကာ မြတ်နိုးဖွယ်ရာ လူကောင်းတစ်ဦးအဖြစ် ရှင်သန်သွားကြရမည်လည်းဖြစ်သည်။
မိမိတို့အားလုံး ဖြတ်သန်းခဲ့ကြပြီးဖြစ်သည့် ၂၀၂၄ ခုနှစ်သည် မိမိတို့တစ်ဦးချင်းစီအတွက် အတွေ့အကြုံအမျိုးမျိုး ကွဲပြားခြားနားနေကြမည်ဖြစ်သည်။ လူအချို့အတွက်ဆိုလျှင် မိမိတို့ ဘဝတစ်သက်တာတွင် ကံအကောင်းဆုံးသော ပျော်ရွှင်ဖွယ် နှစ်တစ်နှစ်ပင်ဖြစ်ခဲ့နိုင်သည်။ နိုင်ငံတစ်နိုင်ငံလုံးအတွက် ယေဘုယျအားဖြင့် ခြုံငုံကြည့်ပါလျှင်မူ ခက်ခဲကြမ်းတမ်းသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခြင်းတို့ကြောင့် လူ၊ တိရစ္ဆာန်နှင့် ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှုများစွာတို့ကို ပြည်သူများစွာတို့ ကြုံတွေ့ခဲ့ကြရသည်။ ဘေးဒုက္ခခံစား ကြရသည့် ပြည်သူများအတွက် ကူညီကယ်ဆယ်မှုများ၊ ပြန်လည်ထူထောင်ပေးမှုများကို အစိုးရနှင့် ပြည်သူတို့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြရသည်။ အခြားတစ်ဖက်တွင်မူ အဓမ္မဝါဒီ အကြမ်းဖက်အဖျက်အုပ်စုများကား ပြည်သူတို့၏ ဘဝနှင့် ဘေးဒုက္ခများကို ငဲ့ညှာမှု၊ စာနာထောက်ထားမှု မပြုဘဲ နိုင်ငံပြိုကွဲ ပျက်စီးရေးသို့ဦးတည်သည့် အဖျက်လုပ်ရပ်များကို အင်တိုက်အားတိုက် ပြုလုပ်ခဲ့ကြရာ ယခုအချိန်အထိ အတောမသတ်နိုင်သေး။ မည်သို့ပင်ဆိုစေ နှစ်ဟောင်းတစ်နှစ်ကမူ ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။
မနက်ဖြန်တွင် စတင်ကျရောက်လာမည့် နှစ်သစ်သည် ကျက်သရေမင်္ဂလာအပေါင်း ခညောင်း ပြည့်စုံပါစေကြောင်းနှင့် ဆင်းရဲခြင်းသို့ရောက်ကုန်သည့် အလုံးစုံသော သတ္တဝါအပေါင်းတို့သည် ဆင်းရဲမရှိကုန်သည်ဖြစ်ကြပါစေကြောင်း၊ ဘေးအန္တရာယ်ကျရောက်ကုန်သည့် အလုံးစုံသော သတ္တဝါ အပေါင်းတို့သည် ဘေးမရှိကုန်သည် ဖြစ်ကြပါစေကြောင်း၊ စိုးရိမ်ခြင်းသို့ရောက်ကုန်သည့် အလုံးစုံသော သတ္တဝါအပေါင်းတို့သည် စိုးရိမ်ခြင်းမရှိကုန်သည် ဖြစ်ကြပါစေကြောင်း နှစ်သစ် ဦးတွင် မေတ္တာပို့သ၍ ဆုမွန်ကောင်းတောင်းလိုက်ရပါကြောင်း။
မြန်မာ့အလင်း