မုံရွာ ၂၂ မတ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက်နှင့် မြစ်သာမြစ်ရိုးတစ်လျှောက်ရှိ ကလေး၊ မော်လိုက်၊ ခန္တီးခရိုင်များတွင် School Shelter ၊ School Cum Shelter နှင့် Cyclone Shelter များ တည်ဆောက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်ပေးလျက်ရှိသော Shelter များမှာ ဖောင်းပြင်းမြို့နယ် အမှတ်(၈၇) မူလွန်းကျောင်းတွင်း School Cum Shelter တစ်လုံးကို ငွေကျပ် ၁၈၁ ဒသမ သုည သန်းဖြင့်လည်းကောင်း၊ ဟဲလှော်ကျေးရွာတွင် School Shelter တစ်လုံးကို ငွေကျပ် ၁၅၅ ဒသမ ၈၁၀ သန်းဖြင့်လည်းကောင်း၊ သရောင်းကျေးရွာတွင် Shelter တစ်လုံး တည်ဆောက်လျက်ရှိကြောင်း ၎င်းကပြောကြားသည်။
ထို့နောက် ဟုမ္မလင်းမြို့နယ်တွင် မုက္ကလိ(အမက)ကျောင်းတွင် School Shelter တစ်လုံးကို ငွေကျပ် ၁၆၄ ဒသမ ၈၀၀ သန်းဖြင့်လည်းကောင်း၊ ကလေးမြို့ အမှတ်(၃) တောင်ဦး၊ ပြင်သာကျေးရွာတွင် School Cum Shelter တစ်လုံးကို ၁၉၆ သန်းဖြင့်လည်းကောင်း၊ သဖန်းအိုင်ကျေးရွာတွင် School Cum Shelter တစ်လုံးကို ၁၉၆ သန်းဖြင့်လည်းကောင်း၊ နတ်မြောင်းကျေးရွာ Cyclone Shelter တစ်လုံးကို ၁၅၃ ဒသမ ၂၂၀ သန်းဖြင့်လည်းကောင်း၊ ခန္တီးမြို့ ပေါမိုင်းရပ်ကွက် အမက(၁) သာစည်ကျောင်းတွင် School Shelter တစ်လုံးကို ငွေကျပ် ၁၆၄ ဒသမ ၈၀၀ သန်းဖြင့် လည်းကောင်း၊ မော်လိုက်မြို့နယ် ကြာအင်းကျေးရွာတွင် School Cum Shelter တစ်လုံးကို ၁၅၅ ဒသမ ၈၁၀ သန်းဖြင့်လည်းကောင်း၊ ကင်းတပ်ရွာတွင် School Cum Shelter တစ်လုံးကို ၁၅၅ ဒသမ ၈၁၀ သန်းဖြင့်လည်းကောင်း တည်ဆောက်လျက်ရှိပါကြောင်း ၎င်းက ပြောကြားသည်။
ယင်းနောက် လေပြင်းဒဏ်နှင့် ရေကြီးနစ်မြုပ်မှုများ ခံစားရသည့်အတွက် School Shelter ၊ School Cum Shelter နှင့် Cyclone Shelter တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ သဘာဝဘေးမဖြစ်လျှင် စာသင်ကျောင်းအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း၊ Shelter များတည်ဆောက်တွင် ၈၀ ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောကြားသည်။
မွှေးကြူဇင်


