ကလော ၉ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ အားကစားနည်း (၅)မျိုးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကလောမြို့မြို့နယ် အားကစားကွင်း၌ ကျင်းပခဲ့ရာ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားဆပ်ကော်မတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် အားကစားသမားများ တက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က အားကစားနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နွေရာသီအားကစားသင်တန်း နည်းပြဆရာများက အားကစားနည်းအလိုက် မိတ်ဆက်၍ ဘောလုံး၊ဘော်လီဘော၊ အေရိုးဗစ်၊ Zumba Exercise၊ တိုင်ကွမ်ဒို၊ မြန်မာသိုင်းစသည့် ကစားနည်းများအား သရုပ်ပြတင်ဆက်ခဲ့သည်။
ထို့နောက် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးခင်မင်း တို့က မြို့နယ်အားကစားမှူးထံ ဘောလုံးနှင့် နွေရာသီအားကစား အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းကာလကို မတ်လ ၉ ရက်မှ မတ်လ ၂၅ ရက်နေ့အထိ ၁၇ ရက်ကြာ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကလော မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်နော်ဆာဝါးကြည် နှင့် အဖွဲ့ဝင်များက ကိုရိုနာဗိုင်းရပ်စ်ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး အားကစားသမားများအား လက်တွေ့ စမ်းသပ်ရှာဖွေ စစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း (ပြန်/ဆက်)