ကလော    ၁၈  နိုဝင်ဘာ  

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊     ကလောမြို့နယ်တွင် (၁၇)ကြိမ်မြောက်  မြို့နယ်လုံး ကျွတ်   တန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့်    မီးကြာစံထွန်းညှိပူဇော်ပွဲ ဆုချီးမြှင့် ခြင်းနှင့်  ပိတ်ပွဲ အခမ်းအနားကို    နိုဝင်ဘာ   ၁၇ ရက်  ည ၇ နာရီက မောမြေဦး ပန်းခြံကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

အခမ်းအနားကို  "အောင်ပွဲခံမည့်မီး"သီချင်းဖြင့် အကအဖွဲ့များက ကပြဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲကျင်းပရေး နာယက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က  ယခုလိုမီးရှော်တိုင် ပွဲမျိုးဟာ  ကလောမြို့တွင် သာရရှိနိုင်ပြီး မြန်မာနိုင်ငံ ပြည်တွင်းသာမက၊ ပြည်ပခရီးသွားတွေ လာရောက်လည်ပတ်ကြလို့ ဂုဏ်ယူမိကြောင်း၊ တန်ဆောင်တိုင်    ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံပွဲတော်ကို နှစ်စဉ်ကျင်းပနိုင်ရေးနှင့် ကလောမြို့သူ မြို့သားများ၏ ရိုးရာယဉ်ကျေးမှု ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍   အမှာစကား ပြောကြားပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က  ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးသူများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

 

ထို့နောက်  ပွဲတော်ဖြစ်မြောက်ရေးအတွက် ထည့်ဝင်လှူဒါန်းပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီးပြိုင်ပွဲကို နိုဝင်ဘာ (၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ  ၅ ရက်ကြာကျင်းပခဲ့ရာမီးရှော်တိုင်(၃၀)တိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

ပထမဆုကို မီးနဂါး ၊ ဒုတိယဆုကို ကောင်းကင်ကြယ်၊တတိယဆုကို ကလောမီး တို့က လည်းကောင်း နှစ်သိမ့် ဆုများရရှိတဲ့ ရှမ်းညီနောင်၊ သာယာကုန်း ၊ဆောင်းခိုမီး၊ တောင်ပိုင်းသား ဖြစ်ပြီး မီးကြာစံ အလှပေဒသာပြိုင်ပွဲတွင် ပထမ ဆုကို ရွှေတောင်ရိုးအဖွဲ့ကလည်းကောင်း၊ ဒုတိယဆုကို ရှမ်းရိုးမ ကလည်းကောင်း၊တတိယဆုကို သာယာကုန်း က ရရှိခဲ့ပြီးနှစ်သိမ့်ဆုကို မီးဝိဇ္ဇာ နှင့် မီးနဂါး အဖွဲ့တို့ရရှိသွားကြောင်း သိရသည်။ 

 

အဆိုပါ ဆုရရှိသည့် အဖွဲ့များအားကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ပြည်နယ်လွှတ်ကိုယ်စားလှယ် ဦးသန်းထိုက် ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေမှူး ဦးကျော်စန်းယု နှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။                 

 

ကျော်ဝင်း(ပြန်/ဆက်)