ကလော ၂၀ ဇန်နဝါရီ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စုစုပေါင်းငွေကျပ်သိန်း ၂၀၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP)ကို ကျေးရွာ ၂၀ ၌ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၂၀ ရွာမှာ တောင်ပတ်၊ မီးယမ်းစင်၊ ဆောင်ဝမ်း၊ စင်္ကြာကုန်း၊ တောင်လားရွာမ၊ နန်းသလဲသဲ၊ မြင်းကကုန်း၊ မြေခြားနောက်၊ ဂါတ်တဲစု၊ သဖန်းပင်၊ ညောင်ကိုင်း၊ ဘော်နင်းရွာသစ်၊ ချောင်းကြား၊ နန်းအုံရွာမ၊ လမိုင်းရွာသစ်၊ တောင်နီ၊ သာယာစု၊ ကုန်းသာ၊ လင်းပန်း၊ ကြေးကုန်းကျေးရွာများဖြစ်ပြီး ယင်းကျေးရွာများတွင် ကျေးရွာတစ်ရွာလုံးဖွံ့ဖြိုးရေးအတွက် ကျေးရွာ၏ လိုအပ်ချက်နှင့် အခွင့်အလမ်းများအပေါ် အခြေခံရေးဆွဲ ထားသည့်လုပ်ငန်းများ၊ ကျေးရွာပြည်သူလူထု ကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီ အစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေး အစီအစဉ်တစ်ရပ် ဖြစ်ပေါ် လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကလောမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်မြင့်သောင်းထံမှ သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်စီမံခန့်ခွဲမှု ကော်မတီ ဝင်များဝင်များနှင့်အတူ ကျေးရွာများရွေးချယ်ခဲ့ပြီး လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျေးဖွံ့ဖြိုးရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပြီး အဆိုပါ ကျေးရွာကော်မတီဝင်များအား သင်တန်းပေးခြင်း၊ စီမံချက်များရေးဆွဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျိုင်းလော (သတင်းစဉ်)


