နေပြည်တော်  ၂၄  စက်တင်ဘာ


ဝါးလက်မှု အခြေခံသင်တန်းဖွင့်ပွဲကို စက်တင်ဘာ နံနက်ပိုင်းတွင် ကလောမြို့နယ် ပတ္တူပေါက်ကျေးရွာ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံး) မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန (တောင်ကြီးရုံး)မှ သင်တန်းဆရာများနှင့် တာဝန်ရှိသူများ၊ ကလောမြို့နယ် ကမ္ဘာလှည့် ရဲတပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ခရီးသွားလုပ်ငန်း တတ်သိပညာရှင် ဒေါက်တာကြည်လွင်နှင့် ဧည့်လမ်းညွှန်များအသင်း (ရှမ်းတောင်ဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ပတ္တူပေါက်ကျေးရွာ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဝါးလက်မှု အခြေခံသင်တန်းကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား စုစုပေါင်း (၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း  သိရသည်။


ရှမ်းပြည်နယ် (တောင်ပိုင်း)၏ ခရီးစဉ်တစ်ခုဖြစ်သော ကလောမြို့နယ် ပတ္တူပေါက်ကျေးရွာရှိ တောကြမ်း ခရီးလမ်းလျှောက်ခရီးစဉ် (Trekking Tour)၊ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း (CBT) စသည့် ခရီးစဉ်ဒေသများသို့ ကလောမြို့နယ် ပတ္တူပေါက်ကျေးရွာသို့ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိရာ ရိုးရာလူသုံးကုန် အမှတ်တရ ပစ္စည်းများကို ရောင်းချခြင်းဖြင့် ဒေသခံများ ဝင်ငွေတိုးလာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


(ဟိုတယ်/ခရီး)