ကလော ၂၇ မေ
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ရွှေရင်အေးမျိုးစေ့ထုတ် သမဝါယမအသင်းမှ မျိုးစပါးများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို သမဝါယမနည်းစနစ်များဖြင့် ဆောင်ရွက်နိုင်ရန်အတွက် မျိုးစေ့ထုတ် သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တွင် (၁၆)သင်းဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ ဝါးရုံပင်ကျေးရွာရှိ ရွှေရင်အေး မျိုးစေ့ထုတ် သမဝါယမအသင်းသည် အသင်းသားပိုင်မြေ ၁၆၄ ဧကပေါ်တွင် မျိုးစပါးတင်းပေါင်း ၈၅၃၀ ကို ထုတ်လုပ်နိုင်ခဲ့ပြီး ရွှေရင်အေးမျိုးစပါး တစ်တင်းလျှင် ၉၅၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
အဆိုပါ ရွှေရင်အေး မျိုးစေ့ထုတ်သမဝါယမအသင်းမှ ထုတ်လုပ်သော စပါးမျိုးစေ့များသည် သတ်မှတ်ထားသော အရည်အသွေး စံချိန်မီ မျိုးကောင်းမျိုးသန့်များဖြစ်သည့်အတွက် ဒေသတွင်း တောင်သူလယ်သမားများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သမဝါယမဦးစီးဌာန


