ကလော ၁၄ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ရေယားကျေးရွာအနီးတွင် စက်တင်ဘာ ၁၄ ရက် နံနက် ၃ နာရီ အချိန်ခန့်က ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၆၈/၅)နှင့် (၆၈/၆)ကြား အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ရှိ အနက် ၁၀၀ ပေ ခန့်ရှိ ချောက်ထဲသို့ မော်တော်ယာဉ် အဖြူရောင်တစ်စီး ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ကလောမြို့၊အမှတ်(၁၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်စိတ် ရဲအုပ်မျိုးလှိုင်ဝင်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ သက်သေအဖြစ် ရေယားကျေးရွာ တာဝန်ခံ များက အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ကလောမြို့၊ အမှတ်(၈) ရပ်ကွက်နေသူ ယာဉ်မောင်း ကြည်စိုးဦး မောင်းနှင်သည့် ယာဉ်သည် သာစည်ဘက်မှ ကလောဘက်သို့ မောင်းနှင်လာစဉ် ကလောမြို့နယ်၊ ရေယားကျေးရွာအနီး မိုင်တိုင်အမှတ် (၆၈/၅ (၆၈/၆) ကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် ပေ (၁၀၀) ခန့်ရှိ ချောက် အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်း ကြည်စိုးဦးတွင် ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ရာ ကလောမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကြည်စိုးဦးအား ကလောမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)