ကလော ၂၈ ဒီဇင်ဘာ    

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ပုန်းအင်းကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပုန်းအင်းကျေးရွာ၊ ဝါးရုံပင်ကျေးရွာနှင့် ကျောက်ကုန်းကျေးရွာမှ ရွာသူ၊ ရွာသား ၈၀ ခန့် တက်ရောက်ခဲ့သည်။


ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းမော်က ဒီမိုကရေစီခေတ်စနစ်နှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်း ကိစ္စရပ်များကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်ရန် မိမိတို့၏ ရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းကိစ္စရပ်များကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများမြင့်မားလာစေပြီး ဆွေးနွေးပွဲများတွင် ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


ထို့နောက် ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကျေးလက်ဒေသဖွံ့ဖြိုးရေး၏ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လူမူဘဝဖွံ့ဖြိုးတိုးတက်ရန် အခြေခံကျသည့် လမ်းတံတားကောင်းမွန်ရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရန်ရေရရှိရေး၊ လျှပ်စစ်မီးရရှိစေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်သည့်အချက်(၅)ချက်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြဝင်းကောင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်အေးက GAP စိုက်ပျိုးနည်းပညာနှင့်ပတ်သက်၍လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူက ကျေးရွာဖွံ့ဖြိုးရေးအတွက် ကုန်ထုတ်လမ်းဖောက်လုပ်ပေးနေမှုနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းနိုင်လင်းက စိုက်ပျိုးမြေပုံစံ(၇)နှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်သန့်က လျှပ်စစ်မီးသွယ်တန်းရယူရေးနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာသုံးရွာမှ ကျေးလက်ဒေသရှိ ဒေသခံပြည်သူများက မိမိတို့ကျေးရွာရှိ အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ သိရသည်။


MDN