နေပြည်တော်၊ စက်တင်ဘာ    ၂၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့၌ ရေတိုက်စားမှုကြောင့် ယိုင်လဲ ပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၌ ရေကြီးရေလျှံမှုများကြောင့် ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးမှုနှင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ယာယီဓာတ်အား ဖြတ်တောက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့၌ ရေကြီးရေလျှံမှုများကြောင့် ယိုင်လဲပျက်စီးသွားခဲ့သည့် မဟာဓာတ်အားလိုင်းများအား ဌာနမှ အင်ဂျင်နီယာများ ဦးဆောင်ကာ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများသို့ ဓာတ်အားစနစ်မှတဆင့် တည်ငြိမ်သော လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ပျက်စီးသွားခဲ့သည့် ဓာတ်အားလိုင်းနှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျ ဆယ်တင်သိမ်းဆည်းရှင်းလင်းပြီး မှတ်တမ်းထားရှိရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည် အသုံးပြုသွားရန် မှာကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည်   ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်သို့ ရောက်ရှိရာ နမ့်ပန်တက် ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသည့် ၃၃ ကေဗွီ ဓာတ်အားလိုင်းများ ရေတိုက်စားပြီး ယိုင်လဲပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုဖြစ်စဉ်အား သင်ခန်းစာယူ၍ နောင်သဘာဝဘေးများဖြစ်ပေါ်လာခဲ့ပါက ဓာတ်အားလိုင်းများ မပျက်စီးနိုင်ရေး လိုင်းအူကြောင်းများ ရှာဖွေရွှေ့ပြောင်း တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများအား စနစ်တကျမှတ်တမ်း ရေးသွင်းထားရှိရန်၊ ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများအား စနစ်တကျ ပြန်လည်တပ်ဆင် အသုံးပြုသွားရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ကြရန် မှာကြားကာ လုပ်ငန်းများဆောင်ရွက်နေကြသည့် ဌာနမှဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့အတူ ဒုတိယဝန်ကြီးသည် ကလောမြို့ပေါ်ရပ်ကွက်များသို့ ရေဝင်ရောက်၍ ယာယီဓာတ်အား ဖြတ်တောက်ထားရှိမှု၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပျက်စီးခဲ့မှုနှင့် ပြန်လည် အစားထိုး ပြုပြင်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး  ပြည်သူများ လျှပ်စစ်ဓာတ်အားကို အသိ၊ သတိဖြင့် အသုံးပြုစေရေး အသိပညာပေးလုပ်ငန်းများ၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ပေးကြရန်၊ ရေကြီးရေလျှံခဲ့စဉ် ရေနစ်မြုပ်ခဲ့သည့် နေအိမ်၊ အဆောက်အဦများ၏  ဓာတ်အားလိုင်းများ၊ မီတာများနှင့် အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းထားရှိမှုများကို စနစ်တကျစစ်ဆေးပြီးမှသာ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးရန် မှာကြားခဲ့သည်။ 

ကလောမြို့နယ်တွင် ရေကြီးရေလျှံမှုများကြောင့် ၃၃ ကေဗွီ ရေပေါင်းစုံ - ပြည်ညောင် - နမ့်ပန်တက် ဓာတ်အားလိုင်း (၅) မိုင်ခန့်၊ ၁၁ကေဗွီလိုင်း (၁ ဒသမ ၃) မိုင်ခန့်၊ ၄၀၀ ဗို့ဓာတ်အားလိုင်း (၀ ဒသမ ၈၅) မိုင်ခန့် ယိုင်လဲပျက်စီးခဲ့ပြီး ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ (၁၀) လုံးခန့်နှင့် ၄၀၀ ဗို့  Panel (၇) လုံးခန့် ရေနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့၍ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကို ဌာနမှ ကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၁ ရက်မှစ၍ ကလောမြို့ပေါ်ရှိ မီးသုံးသူ (၈၅) ရာခိုင်နှုန်းကို ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်