ဂန့်ဂေါ   ၁၈   ဧပြီ

ကလေးအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် အကျဉ်းသား (၄၈)ဦးအား ဂန့်ဂေါမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ ညနေ ၆ နာရီက သက်ဆိုင်ရာ အကြီးအကဲများက မုန့်၊ သောက်ရေသန့်ဘူးများနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ အကျဉ်းသားများထဲမှ ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက် (၁) ဦး၊ ပိုဦးကျေးရွာ (၁)ဦးနှင့် မင်းရွာကျေးရွာ (၁)ဦးတို့အား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နယ်ထိန်းများက အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျောမြို့ (၃) ဦး၊ ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာ (၁) ဦး စုစုပေါင်း ဂန့်ဂေါခရိုင်မှ (၇) ဦးဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဆိပ်ဖြူမြို့က (၁) ဦးအား ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကားဖြင့် ကျောက်ထုမြို့ ရဲစခန်းသို့ပို့ဆောင်ပေးခဲ့ပြီး ထိုသူအား ဆက်လက်၍ သက်ဆိုင်ရာက လာကြိုမည် ဖြစ်ကြောင်း၊ ဂန့်ဂေါခရိုင် (၇)ဦးနှင့် ကျန်ရှိသည့် (၄၁)ဦးအား သက်ဆိုင်ရာဒေသအသီးသီးသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး အော်ရွန်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန်းထက်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဂန့်ဂေါမြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဆွေလင်းအောင်နှင့် သက်ဆိုင်ရာအကြီးအကဲများက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆုံးမစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ပြန်ဆက်)