ရန်ကုန် ၁၁ ဇွန်
ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့်တိုက်ရိုက် သက်ဆိုင်နေကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောသည်။
ယနေ့ နံနက် ၉ နာရီကရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့ကလေး အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ထို့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထပ်မံ၍ ၄င်းက ’’ ပြည်တွင်းပဋိပက္ခအချို့ကြောင့် ဆင်းရဲနွမ်းပါးမှုများနှင့် ရွှေ့ပြောင်းနေထိုင်မှုများ၊ ရာသီဥတုပြောင်းလဲခြင်း အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များ၊ စားနပ်ရိက္ခာမဖူလုံမှုများ၊ လူမှုစီးပွားဘဝ အကျပ်အတည်းများသည် ကလေးများပညာဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ဘဲ ကလေးအလုပ်သမားအဖြစ်သို့ တွန်းပို့လျက်ရှိခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ခက်ခဲကြာရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက်အလေးထားဖြေရှင်းဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း’’ ပြောသည်။
မြန်မာနိုင်ငံတွင် ကလေးဦးရေ ၁၂ သန်းကျော်ရှိသည့်အနက် ၆ သိန်းကျော် သည် ကလေးအလုပ်သမားများဖြစ်ကာ ကလေးအလုပ်သမား ၄ သိန်းခန့်မှာ အန္တရာယ်ရှိသည့် အလုပ်လုပ်ကိုင်နေကြပြီး အသက် ၅ နှစ်မှ ၁၇နှစ်အထိ ကလေးဦးရေ ၁၂ ဒသမ ၄ သန်းအနက် ကလေးဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ကလေး အလုပ်သမားဖြစ်ကာ ၂၀ ရာခိုင်နှုန်းကျော်သည် မြို့ပြကလေးအလုပ်သမားများ ဖြစ်နေခြင်းကြောင့် ပြည်တွင်းကလေးအလုပ်သမားဈေးကွက်တွင် ၁၅ နှစ်မှ ၁၇ နှစ်ကြား ကလေးများသည် ကလေးအလုပ်သမားအဖြစ် အများဆုံး အလုပ်လုပ်ကိုင်နေကြရသည့် အသက်အပိုင်းအခြားများဖြစ်ပြီး အများစုမှာ မူလတန်း ကျောင်းအဆင့်သာ ပြီးမြောက်ထားသည့်ကို ၂၀၁၈ ခုနှစ် နှစ်စဉ်လုပ်သားအင်အား စစ်တမ်းအစီရင်ခံစာအရ လေ့လာတွေ့ရှိရကြောင်းအလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။
’’ကလေးအလုပ်သမားအများစုဟာ ဆင်းရဲနွမ်းပါးမှု၊ ပညာသင်ခွင့်မရရှိမှုနဲ့ မိသားစုအားထောက်ပံ့ဖို့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နဲ့ လယ်ယာ စိုက်ပျိုး ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေရပြီး အကြွေးအတွက် အလုပ်လုပ်ပေးရတဲ့ အလေ့အထကြောင့် အိမ်အကူများအဖြစ် လုပ်ကိုင်နေရတဲ့ ကလေးအလုပ်သမားများ အပေါ်မှာ သက်ရောက်မှု ပိုမိုများပြားလျက်ရှိပါတယ် ’’ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောသည်။
ကလေးအလုပ်သမား ပြဿနာကိုကမ္ဘာတစ်ဝန်းလုံးတွင် အလေးထား ဆောင်ရွက်နေပြီး မြန်မာနိုင်ငံအနေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမား ခိုင်းစေခြင်းဆိုင်ရာသဘောတူညီချက် ILO Convention 182 ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် အကောင်အထည်ဖော်မှု အစီရင်ခံစာကို ILO သို့ တင်သွင်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ၊ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ဆက်သွယ် ညှိနှိုင်းရေးအရာရှိ Rory Mungoven က “ဆင်းရဲမွဲတေမှုဟာကလေးငယ်တွေကို အလုပ်ခွင်ထဲတွန်းပို့နေတဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ ဒါတွေကိုတားဆီးနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ အနည်းဆုံးအသက်အရွယ် လိုအပ်ချက်တွေနဲ့ ပတ်သက်တဲ့ ILO ရဲ့ ပြဋ္ဌာန်းချက် (၁၃၈) နဲ့အညီဆောင်ရွက်နိုင်ဖို့ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေတာတွေ၊ ကလေးအလုပ်သမားပြဿနာကို အရေးတယူ ကိုင်တွယ်ဖြေရှင်းနေတာတွေကို အသိအမှတ်ပြုပါတယ် ” ဟုပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝှမ်းတွင် ကလေးအလုပ်သမားဦးရေ ၁၅၂ သန်းရှိနေပြီး ၇၃ သန်းမှာ ဘေးအန္တရာယ်ရှိသော (သို့မဟုတ်) ဘေးဖြစ်စေနိုင်သော အလုပ်များကို လုပ်ကိုင်နေရကြောင်း ၎င်းကလေးသူငယ်များသည် အခြားကလေးငယ်များထက် ခံစားခွင့်များဆုံးရှုံးလျက်ရှိပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုအသိုင်းအဝိုင်းတွင်လည်း ထိခိုက်မှုများ ဖြစ်ပေါ်စေပြီး ၎င်းအခြေအနေများကို မျက်ကွယ်ပြုထားမည်ဆိုပါက တိုင်းပြည်၏ အနာဂတ် အလုပ်သမားလုပ်အားမှာကျဆင်း လျော့ကျနိုင်ဖွယ်ရှိကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားများကိုစိုက်ပျိုးရေးကဏ္ဍ၌ (၆၀ ဒသမ ၅ ရာခိုင် နှုန်း)နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ (၁၂ ရာခိုင်နှုန်း) အများဆုံးတွေ့ရှိရသည်ဟု ယနေ့ ကျင်းပသည့်အခမ်းအနားတွင် ILO က ထုတ်ပြန်ထားသည်။
"ကလေးအလုပ်သမားပြဿနာဟာတစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စပဲ ဖြစ်ပါတယ်။ ဒါတွေဟာလူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အရွယ်ရောက်ပြီးသား လူကြီး အလုပ်သမားတွေကို မတရားခိုင်းစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ကလေးတွေဟာ လုပ်ငန်းခွင်မှာ ရှိမနေသင့်ပါဘူး။ သူတို့ဟာဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်၊ အိမ် ဒါမှမဟုတ် ကျောင်းမှာရှိနေသင့်ပြီးသူတို့ရဲ့ အိပ်မက်တွေ ဆွတ်ခူးနိုင်ဖို့အတွက် ကြိုးစားသင့်တဲ့အရွယ်ဖြစ်ပါတယ် ’’ ဟု ILO /My-PEC (မြန်မာနိုင်ငံကလေးအလုပ် သမားပပျောက်ရေးအစီအစဉ်)၏ Chief Technical Advisor ဖြစ်သူSelimBenaissa က ပြောသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ILOမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကလေးအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။
(သတင်း-မင်းသစ်(MNA) /ဓာတ်ပုံ-ပြည့်ဖြိုး)