ကမမောင်း  ၂၉  နိုဝင်ဘာ

      

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ခန်းမ ဆောင်၌ ယမန်နေ့ မွန်းလွဲပိုင်းက ကလေးအလုပ်သမား ပပျောက်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကို ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသော်တာ လင်းသန့်က ကလေးအလုပ်သမား ပပျောက်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို တက်ရောက်လာကြသော ကျောင်းသား မိဘများ၊အသေးစား အလတ်စား လုပ်ငန်းရှင်များ၊ ကျောင်းသား၊ကျောင်းသူများကို ရှင်းပြသည်။

 

ထို့နောက် ရဲအုပ်ထွန်းထွန်းဝင်းက ကလေးသူငယ်အခွင့်အရေး နှင့် ကလေးသူငယ် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ အကြောင်းကို ရှင်းပြပေးခဲ့သည်။ ဆက်လက်၍ ကျေးလက် ကျန်းမာရေးမှူး ဒေါ်တင်နီလာဝင်းက ကလေးအလုပ်သမားမရှိစေရေးအတွက် မိဘများအနေဖြင့် ကျန်းမာရေးကို ဂရုစိုက် စေလိုကြောင်း၊ ကျန်းမာရေးဌာနတွင် မိဘများအနေဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် မကူးစက်နိုင်သော ရောဂါများကို အခမဲ့စစ်ဆေးပေးနေ ပါကြောင်း၊လစဉ်လာရောက်၍ မိမိတို့၌ အဆိုပါ ရောဂါများရှိ၊ မရှိကို စစ်ဆေးပေးစေလိုကြောင်း၊ ကလေးများအတွက် မိဘများသည် အလွန် အရေးကြီးသည့် အတွက် မိဘများအနေဖြင့် ရောဂါကင်းစွာဖြင့် ကျန်းမာ သန်စွမ်းကြဖို့ လိုအပ်ကြောင်း ရှင်းပြခဲ့သည်။

 

ဆက်လက်၍ အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဝင်းက ပညာရေးဌာနအနေဖြင့် ကလေးအလုပ်သမားများ ပပျောက်ရေး အတွက် ပညာရေးဌာန အနေဖြင့် ကြိုးပမ်းနေမှု အခြေအနေများ၊ ကျောင်းနေအရွယ် ကလေးတိုင်း စာသင်ခန်းထဲသို့ ရောက်ရှိစေရေးအတွက် မိဘ၊ ပြည်သူများမှ ပူးပေါင်းပါဝင် ပေးစေလိုကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး၊ စာရေးဆရာမ မာမာကြည်(ကမာမြေ)က ကလေးအလုပ်သမား ပပျောက်ရေးနှင့် ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိနိုင်စေရေးအတွက် ဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာကြသော မိဘပြည်သူများက သိရှိလိုသည့်အချက်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။

 

ကလေးအလုပ်သမား ပပျောက်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းသို့ မိဘပြည်သူနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၂၃၀ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

                                                            

ကမမောင်း(ပြန်/ဆက်)