ကလေးအလုပ်သမားအများစုအတွက်  လူမှုအကာအကွယ်  အထောက်အပံ့ပေးနိုင်ရန် မဖြစ်မနေလိုအပ် ကလေးသူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွန်စွာဖန်တီးပေးနိုင်မည်

နေပြည်တော်  အောက်တိုဘာ  ၁၃

မြန်မာနိုင်ငံ   ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီပဉ္စမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌   ကျင်းပရာ  မြန်မာနိုင်ငံကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ    အမျိုးသားကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း     တက်ရောက်အမှာစကား     ပြောကြား သည်။ 

အစည်းအဝေးသို့   မြန်မာနိုင်ငံ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင် များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ   ကော်မတီဥက္ကဋ္ဌများဖြစ်ကြ သည့်  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊  အတွင်းရေးမှူးအဖွဲ့ဝင်များ၊ အလုပ်ရှင်အဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့အစည်းနှင့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများက   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက် ရောက်ကြသည်။ 

အမှာစကားပြောကြား

ဦးစွာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယဝန်ကြီးချုပ်က  အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၃) အကောင်အထည်ဖော်ဆောင် ရွက်မှုနှင့်စပ်လျဉ်း၍   လုပ်ငန်းကော်မတီ(၈)ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လုပ်ငန်းကော်မတီများ ၏ ဆောင်ရွက်ချက်များအပေါ် ပြန်လည်သုံးသပ်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားကော်မတီ၊ လုပ်ငန်း ကော်မတီ(၈)ခုနှင့်  တိုင်းဒေသကြီးနှင့်  ပြည်နယ် လုပ်ငန်းကော်မတီများအကြား    လုပ်ငန်းကဏ္ဍ အလိုက် ပိုမိုညှိနှိုင်းချိတ်ဆက် ပူးပေါင်းဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပ ရခြင်းဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  တာဝန်ယူ သည့်ကာလအတွင်း     မြန်မာနိုင်ငံ    ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ်(၃၅၈/၂၀၂၁)ဖြင့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၃၇ ဦးဖြင့်    နောက်ဆုံးပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အစည်း အဝေး(၄)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ကြောင်း။

၂၀၂၁ ခုနှစ် ဧပြီ  ၂၁  ရက်က   နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီရုံးတွင် ကျင်းပခဲ့သည့် စတုတ္ထ အကြိမ်    အမျိုးသားကော်မတီအစည်းအဝေး၌ ဆုံးဖြတ်ချက်(၉)ချက်   ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဆုံးဖြတ်ချက်(၉)ချက်အရ မြန်မာနိုင်ငံ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ   အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့နှင့်  အမျိုးသားအဆင့်လုပ်ငန်း ကော်မတီ(၈)ခုဖြစ်သည့်      စာရင်းကောက်ယူရေး လုပ်ငန်းကော်မတီ၊         အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး   လုပ်ငန်းကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီ၊      ဥပဒေရေးရာလုပ်ငန်းကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေး အလုပ်သမားများဖယ်ရှားရေးနှင့်  ပြန်လည်ကုစား ရေးလုပ်ငန်းကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ စောင့်ကြည့် အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ၊   ရန်ပုံငွေ ရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီများကို အမိန့်ကြော်ငြာစာများဖြင့်     ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်း။

လုပ်ငန်းစီမံကိန်းချမှတ်

ကော်မတီ၏    အကောင်အထည်ဖော်မှုသမိုင်း ကြောင်းကို  ပြန်ကြည့်မည်ဆိုပါက  မြန်မာနိုင်ငံ၌ ကလေးအလုပ်သမားဆိုင်ရာ အခြေခံဗဟုသုတများပြန့်ပွားစေရေးအတွက် အသိပညာနှင့် ဗဟုသုတ တိုးမြှင့်စေခြင်း၊ နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့်အညီ ဥပဒေပြင်ဆင်ရေးဆွဲခြင်း၊   ကလေးအလုပ်သမား ပြဿနာအပေါ်ဖြေရှင်းနိုင်ရန် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်အဆင့်  ဌာနဆိုင်ရာ  အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ တာဝန်ဝတ္တရားများသတ်မှတ်ခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်မည့်     လုပ်ငန်းစီမံကိန်းချမှတ်၍ တိုးတက်မှုကို   အကဲဖြတ်ခြင်းဖြင့်  ရေရှည်တွင် ကလေးအလုပ်သမား   လျော့နည်းပပျောက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း။

ရည်မှန်းချက် (၆)ရပ်

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကာလ တို၊ ကာလရှည်အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်သွားရန် နှင့် ကာလတို(၅)နှစ်စီမံကိန်း (၃)ကြိမ်ဖြင့် ကာလ ရှည်(၁၅)နှစ်စီမံကိန်း သတ်မှတ်ဆောင်ရွက်သွားရန် လျာထားပြီး ပထမ(၅)နှစ်စီမံကိန်းကို ခိုင်မာတိကျ သော အခြေခံအချက်အလက်များ ကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာအခွင့် အလမ်းများဖန်တီးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင် ရေးဆွဲမှုနှင့်   အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊   အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော   ကလေးအလုပ်သမားများကို ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုများ အတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများရှိစေခြင်း  စသည့် ရည်မှန်းချက် (၆)ရပ်ဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ဆောင်ရွက်သွားရန် အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ကို မူအားဖြင့် အတည်ပြုခဲ့ကြောင်း။

အကောင်အထည်ဖော်ဆောင်ရွက်

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ပထမ(၅)နှစ်စီမံချက်ပါ တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခု အနက် ကနဦးစီမံချက် နယ်မြေများဖြစ်သော ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊   ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဦးစားပေးနယ်ပယ်(၂)ခုဖြစ်သည့် စက်မှုကုန်ထုတ် ကဏ္ဍ၊    စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ကဏ္ဍတို့ရှိ   ကလေးအလုပ်သမားများ   လျော့နည်း ပပျောက်ရေးကို   ပထမကာလတို(၅)နှစ်  (၂၀၁၉-၂၀၂၃) ခုနှစ်ကို  အကောင်အထည်ဖော်   ဆောင်ရွက် နေဆဲဖြစ်ကြောင်း။

အဓိကစိန်ခေါ်မှုများ

မက်ခရိုစီးပွားရေးနှင့်  ဘဏ္ဍာရေးတည်ငြိမ်ရေး အထူးသဖြင့်  ကုန်ထုတ်လုပ်ငန်းကဲ့သို့  အဓိကကျ သည့်    ကဏ္ဍများ၊     ဖွံ့ဖြိုးတိုးတက်မှုရှေးရှုသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှု၊        ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေမှု၊ အုပ်ချုပ်မှုတိုးတက်ကောင်းမွန်ရေးနှင့် ပြည်သူ့ ကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ သဘာဝပတ်ဝန်း ကျင် ရေရှည်တည်တံ့စေရေး မြှင့်တင်ပေးခြင်းတို့သည် အဓိကစိန်ခေါ်မှုများဖြစ်ကြောင်း။

ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းနှင့် လူသားအရင်း အမြစ်    ဖွံ့ဖြိုးတိုးတက်စေမှုဟူသည့်  စိန်ခေါ်မှုမှ ကလေးအလုပ်သမားအရေးကိစ္စသည်လည်း တစ်ခု အပါအဝင်ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့်   ကလေးအလုပ်သမားများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်   ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်း၊  ကျွမ်းကျင်မှုနှင့် အလုပ်အကိုင် ရရှိမှု  မြှင့်တင်ပေးခြင်း၊   လူငယ်များအလုပ်အကိုင် ရရှိရေး အလေးထားဆောင်ရွက်ပေးခြင်း၊ ဘေးကင်း သည့်  ရွှေ့ပြောင်းလုပ်ကိုင်ခြင်းတို့နှင့် ပတ်သက်၍အရေးကြီးသည့်မူဝါဒများဖြင့် လူမှုစီးပွားဦးစားပေးမှု များအဖြစ်   သတ်မှတ်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။

ခေါင်းပုံဖြတ်ခံရမှုများ ကြုံတွေ့

ကမ္ဘာ့နိုင်ငံအားလုံးနီးပါး  ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် မိသားစုဝင်ငွေကို အကြီးအကျယ် ထိခိုက်စေသည့်အတွက်   ဆင်းရဲနွမ်းပါးမှုကို  ပိုမို ဖြစ်ပွားစေပြီး အထောက်အပံ့မရှိသည့် အခြေအနေ တွင် အိမ်ထောင်စုများ၏ အသက်ရှင်ရပ်တည်မှုတိုင်း အတွက်   ကလေးအလုပ်သမားများ  တိုးလာစေပြီး ဆင်းရဲနွမ်းပါးမှု၊ ကျောင်းပိတ်ထားမှုနှင့် လူမှုရေး  ဝန်ဆောင်မှုများလျော့ကျမှု   စသည့်အချက်များ ကလေးအများအပြားကို လုပ်ငန်းခွင်သို့ တွန်းပို့နေပြီး ခေါင်းပုံဖြတ်ခံရခြင်း၊     အန္တရာယ်ရှိသည့်လုပ်ငန်း၌ အတင်းအကျပ်ခိုင်းစေခံရခြင်း၊        အထူးသဖြင့် အားနည်းသည့်    မိန်းကလေးငယ်များအနေဖြင့် စိုက်ပျိုးရေးနှင့် အိမ်အကူလုပ်ငန်းများတွင် ခေါင်းပုံ ဖြတ်ခံရမှုများ ကြုံတွေ့လျက်ရှိသည်ကို သိရကြောင်း၊ကလေးအလုပ်သမားအများစုအတွက် လူမှုအကာ အကွယ် အထောက်အပံ့ပေးနိုင်ရန် မဖြစ်မနေ လိုအပ် သည့်ကိစ္စဖြစ်သကဲ့သို့ ပညာရေး၊ လူမှုအကာအကွယ်၊ တရားမျှတမှု၊    အလုပ်သမားစျေးကွက်များနှင့် သက်ဆိုင်သည့်  မူဝါဒများသည်  အလေးထားစရာ ကိစ္စတစ်ရပ်ဖြစ်လာကြောင်း။

ကလေးအလုပ်သမားတိုးလာ

ကမ္ဘာ့စစ်တမ်းများအရ ဆင်းရဲနွမ်းပါးမှုတစ်ရာခိုင်နှုန်း   တိုးလာသည်အမျှ  နိုင်ငံများတွင်  ကလေး အလုပ်သမားအနည်းဆုံး   ၈  ဒသမ  ၇ ရာခိုင်နှုန်း ဖြစ်ပေါ်လာစေနိုင်သည်ကို        ဖော်ပြနေကြောင်း၊ ကလေးသူငယ်ဦးရေ ၁၀ ယောက်တွင် တစ်ယောက် သည် ကလေးအလုပ်သမားဖြစ်နေကြပြီး ၂၀၁၆ ခုနှစ် တွင်   ကမ္ဘာပေါ်ရှိ  ကလေးအလုပ်သမား စုစုပေါင်း ၁၅၂ သန်းရှိခဲ့ကာ ၂၀၂၀ ပြည့်နှစ်တွင် ကလေးအလုပ် သမား စုစုပေါင်းသန်း ၁၆၀ ရှိသဖြင့် ၄ နှစ်တာ ကာလ အတွင်း ကလေးအလုပ်သမား ၈ သန်းကျော်တိုးလာ ကြောင်း၊   ၎င်းတို့အတွင်းမှ  ၆ ဒသမ ၅ သန်းသည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များ၌ လုပ်ကိုင်နေရ သည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မိသားစုအားလုံးအတွက် ကလေး အလုပ်သမားက   ဖြေရှင်းမှုယန္တရားတစ်ခုကဲ့သို့ ဖြစ်လာခဲ့ပြီး   ၂၀၂၂    ခုနှစ်တွင်   ကမ္ဘာတစ်ဝန်း၌ ၈ ဒသမ ၉ သန်းနီးပါး ကလေးအလုပ်သမား ဖြစ်လာ သည်ကို တွေ့ရကြောင်း။

ပူးပေါင်းဆောင်ရွက်သွားရမည်

ကလေးအလုပ်သမား      တိုးပွားလာသည့် လက္ခဏာများကို တုံ့ပြန်နိုင်ရန် ပြည့်စုံသည့် လူမှု အကာအကွယ်၊   ဆင်းရဲသောမိသားစုများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ   ဖန်တီးပေးခြင်း၊ အရွယ်ရောက်ပြီးသူများအတွက်      သင့်လျော် ကောင်းမွန်သော   အလုပ်အကိုင်များ  တိုးမြှင့်ခြင်း၊ ကျောင်းများသို့   ကလေးအားလုံးရောက်ရှိစေသည့် စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊ အခမဲ့ပညာရေး နှင့် အလုပ်သမားရေးရာစစ်ဆေးခြင်း၊  ဥပဒေစိုးမိုး ခြင်းနှင့် ပတ်သက်၍ ပိုမိုခိုင်မာအောင် ဆောင်ရွက် ခြင်း စသည့်ကဏ္ဍများကို ပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်သကဲ့သို့   ကိုဗစ်-၁၉  ရောဂါကို တုံ့ပြန် ဆောင်ရွက်သည့်  မူဝါဒအပေါ်မူတည်၍ ကလေး အလုပ်သမားအရေးပါဝင်သည့်  လူမှုအကာအကွယ် ပေးရေးလုပ်ငန်းများ   များပြားလာပါက  ကလေး အလုပ်သမားဖြစ်ပွားမှုကို   အကာအကွယ်ပေးနိုင် မည်ဖြစ်ကြောင်း။

လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအပေါ်     ကူညီဆောင်ရွက်ပေးခြင်း၊ အခြေခံပညာကျောင်းများ     ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကို  အခြေခံသည့်  ကုန်ထုတ်လုပ်မှုများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး  ဆောင်ရွက်ပေးခြင်းနှင့် Quick Win   ကဲ့သို့    လျင်မြန်စွာ   အကောင်အထည်ဖော် အကျိုးရှိစေမည့်   ကာလတိုစီးပွားရေးလုပ်ငန်းများ ကိုလည်း အားပေးအကောင်အထည်ဖော်ပေးလျက် ရှိကြောင်း။

ဆက်လက်ပြီး မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံ ချက်ကို ၂၀၁၉ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိ (၅)နှစ်တာ ကာလတိုစီမံချက်      ရေးဆွဲဆောင်ရွက်လာခဲ့ရာ  အမျိုးသားအဆင့်    ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ        လုပ်ငန်းကော်မတီများအလိုက်   အခြား သက်ဆိုင်ရာကော်မတီများ၊  အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ချိတ်ဆက်၍ ဆက်လက်အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ရေရှည်စီမံကိန်း ချမှတ်ဆောင်ရွက်

ကလေးသူငယ်များ   ရုပ်ပိုင်း၊  စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှသာ   နိုင်ငံတော်၏  အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေ သည့်တွက်    မြန်မာနိုင်ငံ   ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ   အမျိုးသားအဆင့်    လုပ်ငန်း စီမံချက်      ရည်မှန်းချက်များကို   ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်   ရလဒ် ကောင်းများရရှိစေရေး ကလေးအလုပ်သမားအရေး ကိစ္စသည် ရေရှည်စီမံကိန်း ချမှတ်ဆောင်ရွက်သွားရမည့်ကိစ္စရပ်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်ကာလ (၅)နှစ်တာ   ပြီးဆုံးမည့်   ၂၀၂၃   ခုနှစ်နောက်ပိုင်း တွင်လည်း     အလားတူ      စီမံချက်ပါလုပ်ငန်းစဉ်များ အတိုင်း     အားနည်းချက်၊  အားသာချက်များကို သုံးသပ်အကောင်အထည်ဖော်   ဆောင်ရွက်ရာတွင် အမျိုးသားကော်မတီအဖွဲ့ဝင်များအနေဖြင့် လုပ်သင့် လုပ်ထိုက်သည်များကို မြန်ဆန်စွာဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအချင်းချင်း တိုင်ပင်ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်  မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒေါက်တာပွင့်ဆန်းတို့က မြန်မာနိုင်ငံ      ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ     အမျိုးသားအဆင့်   လုပ်ငန်းစီမံချက် အကောင်အထည်ဖော်   ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက်  ကော်မတီအတွင်းရေးမှူး  အလုပ် သမားဝန်ကြီးဌာန    ဒုတိယဝန်ကြီး   ဦးဝင်းရှိန်က စတုတ္ထအကြိမ်အမျိုးသားကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေ အနေများနှင့် လုပ်ငန်းကော်မတီ(၈)ခု၏ ဆောင်ရွက် ထားရှိမှုအခြေအနေများကို  ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြ

ဆက်လက်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ        အမျိုးသားကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်   ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်      ပြည်နယ်ဝန်ကြီးချုပ်များက  မြန်မာနိုင်ငံ   ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာအမျိုးသားအဆင့်    လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြသည်။ 

ထို့နောက်    ကော်မတီတွဲဖက်အတွင်းရေးမှူး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို က ပဉ္စမ အကြိမ်       အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားတင်ပြပြီး အတည်ပြုချက်ရယူသည်။ 

ယင်းနောက် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ      အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က    ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရ သည်။     
                            
 သတင်းစဉ်