ကလေးစာပေပွဲတော် အောင်မြင်ပါစေ

ဇန်နဝါရီ

ယနေ့ ရန်ကုန်မြို့ အထက () ဗိုလ်တထောင် ကျောင်းဝင်းအတွင်း၌ သုံးရက်ကြာပြုလုပ်မည့် ကလေးစာပေပွဲတော်တစ်ခု ဖွင့်ပွဲကျင်းပ၏။ နိုင်ငံတော် သမ္မတကြီးဦးထင်ကျော်အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊တာဝန်ရှိသူများနှင့် များပြားလှစွာသော ကလေးသူငယ်များ၊ ပြည်သူများတက်ရောက်ဆင်နွှဲကြပါသည်။

 

ငြိမ်းချမ်းရေး တိုးတက်ဖွံ့ဖြိုးရေး၊ ပြည်သူတို့ စားဝတ်နေရေး ပြေလည်ချောမွေ့ ချောင်လည်ရေး စသည်တို့မှာ ပြည်သူတစ်ရပ်လုံး၏ အသိဉာဏ်ပညာ အဆင့်အတန်း မြင့်မားမှုနှင့် ဆက်စပ်နေသည်ဟု ဆိုချင်ပါသည်။

 

လူအချင်းချင်း မေတ္တာထားတတ်ခြင်း၊ အားနည်းချို့တဲ့သူအပေါ် ကရုဏာစိတ်ရှိခြင်း၊ ချမ်းမြေ့ပြေလည်သူများကို မုဒိတာပွားတတ်ခြင်း၊ သူတစ်ပါးကို စာနာထောက်ထား တတ်ခြင်း၊ ယောနိသောမနသီကာရ စိတ်ထားတတ်ခြင်းအစရှိသည်တို့မှာ အသိဉာဏ်ပညာနှင့် ယှဉ်၍ ဖြစ်ပေါ်ခြင်းဖြစ်၏။

 

လူတစ်ယောက်အဖို့ လောကီလူ့ဘောင်အတွင်း ရုပ်ပိုင်းတိုးတက်မြင့်မားမှု၊ စိတ်နှလုံး ချမ်းမြေ့စွာ နေနိုင်မှုတို့သည် ထိုသူ၏ အသိဉာဏ်ပညာ မြင့်မားရေးအပေါ် များစွာမူတည် နေသည်ဟုဆိုလျှင် မမှားနိုင်။ သည်တော့ လူ့ဘဝတိုးတက် ကြီးပွားရေးမှစ၍ သံသရာ ဒုက္ခအပေါင်းက လွတ်မြောက်ငြိမ်းချမ်း ကြောင်းအထောက်အပံ့အထိ အသိဉာဏ်ပညာ မြင့်မားရေးက အရေးကြီးပါသည်။

 

လူတို့၏ အသိဉာဏ်ပညာ မြင့်မားရေးအတွက် အကောင်းဆုံး အကူအညီပေးနိုင်သော အရာသည်ကား စာအုပ်စာပေပင်ဖြစ်သည်ဟု ဆိုချင်သည်။
စာအုပ်စာပေကို ထိန်းချုပ်ကွပ်ကဲရင်း လူတို့၏ အသိဉာဏ်ကို ကန့်သတ်လိုသည့် အာဏာရှင်များကြောင့် နိုင်ငံများမည်မျှပျက်စီး ဆုတ်ယုတ်သွားခဲ့သည်၊ လူတို့ မည်မျှ ချွတ်ခြုံကျ ဆင်းရဲသွားကြသည် ဆိုသည်ကို သမိုင်းစာအုပ်၏ စာမျက်နှာအနည်းငယ် လှန်လှောကြည့်ရုံမျှဖြင့် တွေ့မြင်ရပါလိမ့်မည်။

 

စာအုပ်စာပေနှင့်ဝေးပြီး မေတ္တာတရား ခေါင်းပါးသူတို့လက်ဝယ်မှာ အာဏာနှင့် လုပ်ပိုင်ခွင့်များ ရောက်ရှိသွားသည့်အတွက် နိုင်ငံများ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အဘက်ဘက်က ချွတ်ခြုံကျ ဆင်းရဲမွဲတေသွားခဲ့ခြင်းမှာ မထူးဆန်းဟု ဆိုရပါမည်။

 

စာပေလွတ်လပ်ခွင့်ဆိုသည်ကို ကြောက်ရွံ့စိုးရိမ်လွန်ခဲ့ကြသည့် ကာလတွင် စာပေစိစစ်ရေးဟူသော ယန္တရားကြီးတစ်ခု ကြီးကျယ်ထွားကျိုင်းလာပြီး စာအုပ်စာပေများ မဖွံ့ဖြိုး မတိုးတက်ရေးကို အားကြိုးမာန်တက် လုပ်ခဲ့သည်၏နောက်မှာ မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု ထိပ်ဆုံးတန်းနိုင်ငံ ဖြစ်ခဲ့ရခြင်းပါပေ။

 

အဆိုပါ ဆင်းရဲမွဲတေမှု မဖွံ့ဖြိုး မတိုးတက်မှုတို့ထက် ပိုမိုဆိုးရွားမှုတစ်ခုက၊ ပြန်လည် ထူထောင် ပြုပြင်ရအလွန်ခက်ခဲသော အသိဉာဏ်ပညာ တိုးတက်ရေးနှင့် အကျင့်စာရိတ္တ မြင့်မားရေးတို့ကို လျစ်လျူရှုမှုဖြစ်၏။ စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားပိတ်ပင်ခြင်း ဆိုသည်က လူတို့၏ အသိဉာဏ်ပညာ တိုးတက်ရေးနှင့် အကျင့်စာရိတ္တ မြင့်မားရေးတို့ကို လျစ်လျူရှုခြင်း မဟုတ်ပါလား။

 

သည်လိုနှင့် ဖွံ့ဖြိုးမှုနောက်ကျ၍ စီးပွားရေး မတိုးတက်၊ စီးပွားရေးဆုတ်ယုတ်၍ ပညာမသင်နိုင်သည့် ကလေးငယ်များ တိုးပွားလာ၊ စာမဖတ်တတ်သူများနှင့် စာမဖတ်သူများ တိုးပွားလာသည့်အတွက် တိုင်းပြည်တိုးတက်ရေးကဆုတ်ယုတ် စသည်ဖြင့် ကရွတ်ကွင်း လျှောက် အဆိုးသံသရာမှာ လည်နေခဲ့ရသည်။

 

ယခု တိုင်းပြည်တိုးတက်မှုတွင် ပညာ၏အရေးပါမှုကို နားလည်သိရှိသောခေတ်သို့ ရောက်လာပြီ။ ပြည်သူလူထု၏ အကျိုးကို ဦးထိပ်ထားရမည်ဖြစ်သောအစိုးရ ပေါ်ပေါက် လာခဲ့ပြီ။ အနာဂတ်ကာလမှာ အသိဉာဏ်တိုးတက်မြင့်မားလာသော လူမှုအဖွဲ့အစည်း ပေါ်ထွန်းလာရေးအတွက် သည်နေ့ကလေးငယ်များကို စာတတ်မြောက်ရေး၊ စာဖတ်ကြရေးကို အားပေးရန်လိုပြီဖြစ်သည်။

 

မြန်မာကလေးငယ်တိုင်း စာတတ်ဖို့၊ စာတတ်ပြီးသည့်နောက် စာဖတ်သူပေါများလာဖို့ လိုပြီ။ ဆင်းရဲတွင်းထဲက မတက်နိုင်၍ စာမတတ် စာမဖတ်ဖြစ်၊ စာမတတ် စာမဖတ်ဖြစ်၍ ဆင်းရဲတွင်းထဲမှာ ပို၍ပို၍ နစ်မွန်း ဖြစ်နေရသည့်သံသရာထဲက ရုန်းထွက်နိုင်ကြဖို့ ကလေးငယ်များ စာပေမြတ်နိုးရေးကို အားပေးရမည်။ ပညာကို မြတ်နိုးတန်ဖိုးထားကြသော ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့လိုမည်။

 

ပြည်သူ့စာကြည့်တိုက်များ၊ ကလေးစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ စသည်တို့ ဖွံ့ဖြိုးတိုးတက်ရေးကို ရသည့်အချိန်ကစ၍ အင်တိုက်အားတိုက် လုပ်ကြဖို့လိုပါမည်။

 

စာအုပ်စာပေတို့ကသာ လူအများ၏ စဉ်းစားဆင်ခြင်ဉာဏ်ကို ရင့်သန်၊ တွေးခေါ် မြော်မြင်မှုကို အားကောင်းကာ အမှားအမှန်ကို ခွဲခြားဆန်းစစ်နိုင်မှု ထက်မြက်စေမည်။ ဗဟုသုတ အကြားအမြင်များပြီး အမြင်ကျယ်ကာ နူးညံ့သိမ်မွေ့ ယဉ်ကျေးစေပါမည်။ သည်လို စာပေနှင့် ရင်းနှီးမွေ့လျော်သည့်ပတ်ဝန်းကျင်မျိုး ဖန်တီးပေးမှသာ နောင်အနာဂတ် မြန်မာနိုင်ငံသည် တိုးတက်ဖွံ့ဖြိုး၍ အမှန်တကယ် ငြိမ်းချမ်းသာယာသော နိုင်ငံအဖြစ် ထူထောင်နိုင်မည်ဟု ယုံကြည်ပါသည်။