ဓနုဖြူ ၁၃ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (ဓနုဖြူ) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု များကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
အဆိုပါပွဲတော်အား နိုဝင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်နေ့များတွင် ဓနုဖြူမြို့ အထက(၂)တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ဓနုဖြူမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်များလာရောက် ပါဝင် ဆင်နွှဲနိုင်ရန်အတွက် ပြခန်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပြိုင်ပွဲနှင့် ကစားပွဲပြုလုပ်ရန် နေရာများ ပြင်ဆင်ခြင်း၊ မုခ်ဦးများ ဆောက်လုပ်ခြင်း၊ ဖျော်ဖြေရေးခန်းမများ၊ စာဖတ်ခန်းများ ပြင်ဆင်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ် ကလေးစာပေပွဲတော်တွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ထုပ်ဆီးထိုးပြိုင်ပွဲ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန် ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် မီးသတ်ပြခန်း၊ ရဲတပ်ဖွဲ့ပြခန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းပြခန်းများ၊ ကလေးစာဖတ်ခန်းနှင့် စာအုပ် အရောင်းဆိုင်များ ထည့်သွင်း ကျင်းပသွားမည် ဖြစ်၍ မည်သူမဆို လာရောက်ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


