မြစ်ကြီးနား ၂၂ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကလေးစာပေပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအေးကြွယ်က ကလေးစာပေပွဲတော်အတွင်း ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားရာတွင် ကလေးစာပေပွဲတော် (မြစ်ကြီးနား)တွင် ကျောင်းသား ကျောင်းသူများအပါအဝင် ပြည်သူတစ်သိန်းကျော် ပါဝင်ဆင်နွှဲခဲ့ကြပါကြောင်း၊ ပွဲတော်နှင့်အတူ ကျောင်းသားကျောင်းသူများသည် ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေသည့် ပြိုင်ပွဲပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသားဘာသာ စကားဖြင့် ပြုလုပ်သည့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများကိုလည်း ကျင်းပနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားရိုးရာအကများဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြသည့်အတွက် အထူးပင် ပျော်ရွှင်စရာကောင်းသည့် ပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါကြောင်း။
ယနေ့ခေတ်တွင် လူငယ်များ စာဖတ်ရန်၊ စာပေနှင့် ထိတွေ့ရင်းနှီးရန်မှာ အနည်းငယ် အလှမ်းကွာနေပါကြောင်း၊ နည်းပညာအသစ်များ၏ နောက်တွင် စာအုပ်စာပေများသည် နောက်ကျကျန်ရစ်သကဲ့သို့ ဖြစ်နေပါကြောင်း၊ အင်တာနက် ယဉ်ကျေးမှုများ၏ ဆွဲဆောင်မှု နောက်တွင် ကလေးများ၊ လူငယ်များသည် စာအုပ်စာပေကို မေ့လျော့နေကြပါကြောင်း၊ စာအုပ်စာပေများ၏ အရသာကို မေ့လျော့နေကြပါကြောင်း၊ ယနေ့ကျင်းပသည့် ပွဲတော်သည် ကလေးများ၊ လူငယ်များ စာအုပ်စာပေများနှင့် ရင်းနှီးထိတွေ့နိုင်စေရန်အတွက် အထောက်အပံ့ဖြစ်စေသည့် ပွဲတော်တစ်ခုဖြစ်သည်ကို မိမိတို့ တွေ့ရပါကြောင်း။
ကလေးများ၊ လူငယ်များ စာဖတ်ရန် အရေးကိစ္စသည် နိုင်ငံနှင့်ချီပြီး အရေးပါသည့် ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ စာပေဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံတစ်ခု၊ လူမျိုးတစ်ခု၏ တိုးတက်မှုသည် ဒွန်တွဲနေပါကြောင်း၊ ကမ္ဘာ့နိုင်ငံများကို လေ့လာကြည့်လျှင် စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုး တက်ရေးကို မဏ္ဍိုင်တစ်ရပ်အနေဖြင့် အထူးတလည် ဆောင်ရွက်နေကြသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသည် စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေပါကြောင်း၊ စာဖတ်မှသာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး စဉ်းစားတွေးခေါ်မှုနှင့် စိတ်ဓာတ်ခွန်အား ရင့်သန်မည်ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံတစ်ခုတည်ဆောက်ရာတွင် ကာယ၊ ဉာဏ နှစ်မျိုးစလုံး ဖွံ့ဖြိုးတိုးတက်စေရန် လူ့စွမ်းအား အရင်းအမြစ်များ အထူးလိုအပ်ပါကြောင်း၊ စာပေသည် လူတစ်ယောက်၏ စိတ်နှလုံးကို အစွန်းမရောက်ရန် ထိန်းညှိပေးနိုင်ပါကြောင်း၊ ထို့ပြင် လူတစ်ယောက်၏ အတွေးအခေါ်များ လမ်းမှန်ရောက်စေရန်လည်း ထိန်းကျောင်းပေးနိုင်ပါကြောင်း၊ ထို့ကြောင့် စာများများဖတ်ရန် ကလေးငယ်များကို ပံ့ပိုးပေးရမည်ဖြစ်ပြီး စာအုပ်စာပေနှင့် ထိတွေ့နိုင်ရန်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။
ယနေ့ကလေးငယ်များသည် ပြင်ပဗဟုသုတစာပေကို ဖတ်ရှုလေ့လာချိန်၊ ကာယလှုပ်ရှားကစားချိန်များထက် ကျောင်းစာကို လေ့လာသင်ယူချိန်များက ပိုမိုများပြားနေသည်ကို တွေ့ရပါကြောင်း၊ မိဘများကိုယ်တိုင် ကျောင်းစာလေ့လာရန် အထူးတွန်းအားပေး ဆောင်ရွက်ပြီး ပြင်ပဗဟုသုတနှင့် ကာယလှုပ်ရှားမှုများကို အားပေးရန် မေ့လျော့နေသည်ကိုလည်း မျက်မှောက်ယဉ်ကျေးမှုအသစ်ကဲ့သို့ တွေ့နေရပါကြောင်း၊ ယနေ့ကျင်းပသည့် ကလေးစာပေပွဲတော်သည် ကျောင်းစာသာမက အခြားလိုအပ်သည့် အချက်များကို ကလေးများနှင့် မိဘများကို မီးမောင်းထိုးပြပေးနိုင်ခဲ့ပါကြောင်း။
ကလေးစာပေပွဲတော်တွင် ပါဝင်သည့် အစီအစဉ်များ၊ ပြိုင်ပွဲများနှင့် ကစားပွဲများသည် ကာယ၊ ဉာဏ နှစ်မျိုးစလုံး ဖွံ့ဖြိုးတိုးတက်စေပြီး ထူးချွန်အောင်မြင်ရုံသာမက ပျော်ရွှင်သည့် ကလေးငယ်များ ဖြစ်လာစေရန် အထောက်အပံ့ပေးမည်ဖြစ်ပါကြောင်း၊ ကာယ၊ ဉာဏ နှစ်မျိုးစလုံးမှာ ထူးချွန်သူများ ဖြစ်လာစေရန်အတွက် ကလေးစာပေပွဲတော်မှ ရရှိသည့် အတွေ့အကြုံများကို အသုံးချပြီး ဘဝကို ဖြတ်သန်းရန်အတွက် ဤနေရာမှ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ဇန်နဝါရီ ၂၀ ရက် ၂၂ ရက်အထိ သုံးရက်တာ ကျင်းပခဲ့ခြင်းဖြစ်သည်။
(သတင်းစဉ်)