မြစ်ကြီးနား ၂၂ ဇန်နဝါရီ
ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ နောက်ဆုံးနေ့ကို မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှ ပွဲတော်ပိတ်သိမ်းချိန် ညနေ ၅ နာရီအထိ ပွဲတော်လာရောက်သူများဖြင့် စည်ကားလျက်ရှိပြီး ယနေ့ပွဲတော် နောက်ဆုံးနေ့သို့ လာရောက်သူ ခြောက်သောင်း ကျော်ရှိခဲ့ကြောင်း သိရသည်။
ယနေ့ပွဲတော်တွင် လီဆူ၊ ရဝမ်၊ တိုင်းလိုင်၊ လာချိဒ်၊ တိုင်းလုံ၊ ဇိုင်ဝါးနှင့် တိုင်းလေ တိုင်းရင်းသားများက ရိုးရာအကများဖြင့် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမရှေ့ရှိ ဖျော်ဖြေရေးစင်မြင့်၌ ကပြဖျော်ဖြေကြရာ ပွဲတော်လာရောက်သူများက စိတ်ဝင်တစား ကြည့်ရှုအားပေးကြသည်။
ထို့အတူ ဖျော်ဖြေရေးစင်မြင့်၌ ရုပ်သေးအကနှင့် ကျောက်ဆည်မြို့ရိုးရာ ဆင်အကအဖွဲ့တို့ကလည်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်အပြင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမအတွင်း၌ ကချင်ပြည်နယ်ရှိ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူများကလည်း ကပြဖျော်ဖြေကြသည်။
ပွဲတော်သို့ လာရောက်ကြသည့် ကလေးများအတွက် စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အရုပ်ဆက်၊ အိမ်တည်ဆောက်မှုပြိုင်ပွဲများနှင့် စုပေါင်းယှဉ်ပြိုင်ရသည့် ဂိမ်းကစားနည်းပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပပေးခဲ့သည်။

ပွဲတော် နောက်ဆုံးနေ့ စာပေဟောပြောပွဲတွင် စာရေးဆရာ မြစ်ငယ်အကျော် အမော်က “နဘေကဗျာ အထူးဂုဏ်ရတဲ့ စလေဆရာဦးပုည” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အကြီးကိုကို(ကသာ)က “ကောင်းကင်မှာ စီးချင်းထိုးမယ့်ကြယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး စာပေစကားဝိုင်းတွင် “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့် မောင်နော်အောင်၊ မသိမ့်နန္ဒာထွန်း၊ မဖြိုးသန္တာကျော်နှင့် မောင်ဇော်မျိုးထိုက် တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
အလားတူ ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ကိုပြည့်စုံ၊ ဖြိုးရတနာ(ရုက္ခဗေဒ)၊ လင်းဇော်ဦး၊ အကြီးကိုကို(ကသာ)၊ ကိုအောင်ငွေစိုး တို့က “နှလုံး သားအလှစာအလှ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ ပွဲတော်လာရောက်သူများက စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်ခဲ့ကြသည်။
ထို့ပြင်ကလေးစာပေပွဲတော် (မြစ်ကြီးနား)တွင် အသိပညာပေးပြခန်းများ ပါဝင်ပြသထားပြီး အဆိုပါပြခန်းများသို့ ပွဲတော်လာရောက်သူများသည် စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။
အလားတူ လော်ဝေါ်၊ ရဝမ်၊ လာချိဒ်၊ ဂျိန်းဖော၊ လီဆူ၊ ဇိုင်ဝါး၊ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခမ်းတီ စသည့် တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ရိုးရာ ယဉ်ကျေးမှုပြခန်းများကိုလည်း ဝင်ရောက်လေ့လာသူ အများအပြားရှိကြောင်း သိရှိရသည်။
ပွဲတော်တွင် စာအုပ်ထုတ်ဝေရေးနှင့် ဖြန့်ချိရေး လုပ်ငန်းများမှ စာအုပ်အရောင်းဆိုင် ၅၁ ဆိုင် လာရောက်ရောင်းချခဲ့ပြီး ပွဲတော်ကျင်းပသည့် သုံးရက်အတွင်း ငွေကျပ် သိန်း ၃၆၀ ခန့် ရောင်းချခဲ့ရကြောင်း သိရသည်။

ကလေးစာပေပွဲတော် (မြစ်ကြီးနား)သို့ လာရောက်သည့် ကျောင်းသား ကျောင်းသူများအတွက် တီရှပ် ၆၀ဝ၀ ကျော်၊ ဗလာစာအုပ် ၆၀ဝ၀ ကျော်၊ ကလေး ကဗျာ၊ ပုံပြင်နှင့် ကာတွန်းစာအုပ် ၉၀ဝ၀ ကျော်ကို ဝေငှဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျောင်းသားကျောင်းသူများအတွက် ပြိုင်ပွဲအမျိုးအစားပေါင်း ၂၀ ကျင်းပပေးခဲ့ပြီး ဖျော်ဖြေရေးအစီအစဉ် ၁၁၂ ခုတွင် ပါဝင်ဖျော်ဖြေသူ ကျောင်းသားကျောင်းသူ ၁၅၀၅ ဦးအပါအဝင် ပြိုင်ပွဲများသို့ စုစုပေါင်း ၃၀ဝ၃၅ ဦး ပြိုင်ပွဲဝင်ခဲ့ကြကာ ဆုပေါင်း ၁၄၆ ဆု ချီးမြှင့်ပေးနိုင်ခဲ့သည်။
ပွဲတော်ပထမနေ့သို့ ပွဲတော်လာရောက်သူ ငါးသောင်းကျော်နှင့် ဒုတိယနေ့သို့ လာရောက်သူ ခြောက်သောင်းကျော်၊ ယနေ့တွင် ခြောက်သောင်းကျော် ရှိသည့်အတွက် ပွဲတော်သုံးရက်တွင် ကျောင်းသား ကျောင်းသူများအပါအဝင် ပြည်သူ တစ်သိန်းကျော် လာရောက်ခဲ့ကြောင်း သိရသည်။
ကလေးစာပေပွဲတော်ကို နိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာကြမည့် ကလေးများ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ ကလေးများ၏ တီထွင်ဖန်တီလိုစိတ်များ ရင့်သန်စေရန်နှင့် နှုတ်မှုရေးရာ ပြောဆိုနိ်ုင်သည့် စွမ်းရည်များ မြင့်မားလာစေရန်၊ ကလေးများ စာပေနှင့် ထိတွေ့ရင်းနှီးမှုရပြီး စာဖတ်ဝါသနာပါလာစေရန်နှင့် ကလေးများ၏ ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
အောင်မင်းဟန်
ဓာတ်ပုံ- ထိန်နန်နော်