လပွတ္တာ ၇ ဇန်နဝါရီ
ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၌ ကလေးစာပေပွဲတော်များကို ကျင်းပလျှက်ရှိရာ (၁၅) ကြိမ်မြောက်အနေဖြင့် ကလေးစာပေပွဲတော် (လပွတ္တာ) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက လပွတ္တာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းထွန်း၊ စိုက်ပျိုးရေး မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ စည်ပင်သာယာ ရေးဝန်ကြီး ဦးကျော်မြင့်၊တိုင်းအထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းနှင့် တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူရည်ချွန်များနှင့် မြို့မိမြို့ဖတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဧရာဝတီခန်းမတွင် ဆက်လက်ကျင်းပရာ လပွတ္တာ အ.ထ.က(၂) မှ ကျောင်းသား/ကျောင်းသူလေးများက ကလေးစာပေပွဲတော် သီချင်း theme song သီဆိုဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ကလေးစာပေပွဲတော်သည် တိုင်းဒေသကြီး အတွင်း (၁၅)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ပွဲတော်ကျင်းပသည့် ကာလတွင်သာ အလေးထားခံယူကျင့်သုံးပြီး ပွဲတော်ပြီးသွားသည်နှင့် ပြီးပြီးပျောက်ပျောက် ဖြစ်မသွားရန် အရေးကြီးကြောင်း၊ စဉ်ဆက်မပြတ် တိုးတက်မှုရလဒ်များရရှိစေရန် ကလေးများနှင့် လူကြီး မိဘများကလည်း အစီအမံကောင်းများ ချမှတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဤပွဲတော်မှ စ၍ လေ့လာမှတ်သားစရာများကို လေ့လာမှတ်သားကြပြီး နိုင်ငံတော်၏ ပုခုံးပြောင်း တာဝန်များကို ဆောင်ရွက်နိုင်မည့် သားကောင်းသမီးမွန်များဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသားကျောင်းသူများ ၏ အကပဒေသာ များဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး ကလေးစာပေပွဲတော်ကျင်းပရေးအတွက် လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်သည်။
ထို့နောက် အခြေခံပညာကျောင်းများ၏ ပညာရေးပြခန်း၊ ထူးချွန်ထင်ရှား ဧရာဝတီ တိုင်းသားများပြခန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြခန်း၊ ကြက်ခြေနီ ပြခန်း၊ အစိုးရ စက်မှုလက်မှု သိပ္ပံပြခန်း၊ စည်ပင်သာယာရေး အဖွဲ့ ပြခန်းနှင့် ကလေးငယ်များ၏ ပုံပြော၊ ကဗျာရွတ်၊ ကျပန်း စကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲ နှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင် ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
"ကလေးစာပေပွဲတော် " စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (လပွတ္တာ) ကို ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - အောင်မင်း၊ ဝင်းကျော်မြင့် ၊ လွှမ်းသီဟ၊
ချစ်သက်လယ်၊ အောင်အောင်(ပြန်/ဆက်)