မြစ်ကြီးနား ၁၇ ဇန်နဝါရီ
ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်ပွဲ ကျင်းပရန်အတွက် ကြိုတင်ပြင်ဆင်နေကြောင်း သိရသည်။
အဆိုပါ ကလေးစာပေပွဲတော်တွင် ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်ထိ ၃ ရက်ကြာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန်အတွက် ပွဲဖြစ်မြောက်ရေး လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ပွဲတော်ကာလအတွင်း ထည့်သွင်းကျင်းပမည့် ဖျော်ဖြေရေးစင်မြင့်များ၊ ကဗျာရွတ်ဆို၊ စက္ကူခေါက်၊ ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲများ၊ Story Telling၊ စကားရည်လု၊ စာပေဟောပြောပွဲ၊ စာပေစကားဝိုင်း၊ ကလေးစာပေ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ၊ ဂိမ်းကစားပွဲများ၊ အားကစားပြိုင်ပွဲများအတွက် မြေညှိခြင်းလုပ်ငန်းများ၊ အသိပညာပေး ပြခန်းများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအလှများ၊ မျက်လှည့်၊ ရုပ်သေးနှင့် ဆင်အကများအတွက် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြသည်။
ပွဲတော်လာ ကလေးသူငယ်မိဘများနှင့် ကျောင်းသား/သူများ မည်သူမဆို ဌာနဆိုင်ရာအသီးသီးမှ အလှည့်ကျ စတုဒီသာ ကျွေးမွေးရေးအစီအစဉ်များ ဧည့်ခံကျွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇွဲသူရအောင် (ပြန်/ဆက်)
