မြောင်းမြ ၂၈ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေ ပွဲတော်(မြောင်းမြ) စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု များကို ယမန်နေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ ပွဲတော်အား ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်အထိ မြောင်းမြမြို့၊ အထက(၁) ပညာရတနာခန်းမတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ လာရောက် ပါဝင်ဆင်နွှဲ နိုင်ရန် အတွက် ပြခန်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပြိုင်ပွဲနှင့် ကစားပွဲပြုလုပ်ရန် နေရာများပြင်ဆင်ခြင်း၊ မုခ်ဦးများ ဆောက်လုပ်ခြင်း၊ ဖျော်ဖြေရေးခန်းမများ၊ စာဖတ်ခန်းများ ပြင်ဆင်ခြင်းနှင့် ကျောင်းအတွင်း ပတ်လမ်းတစ်လျောက် ပုသိမ်ထီးအလှများ ချိတ်ဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်း စကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစား နည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီ တိုင်းသားများ ပြခန်းနှင့် အသိပညာပေး ပြခန်းများ၊ ကလေး စာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ထည့်သွင်း ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ ကလေးစာပေပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်း အဋ္ဌမအကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး ခရိုင်မြို့ အဆင့်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မင်း(မြောင်းမြ)