မြောင်းမြ ၅ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် (မြောင်းမြ) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို အထက(၁)ကျောင်း၌ ဒီဇင်ဘာ (၄/၅) ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ပွဲတော်သို့ လာရောက်လေ့လာသူများက ထူးချွန်ထင်ရှား မြောင်းမြသားများပြခန်းကို အထူး စိတ်ဝင်စားလျက်ရှိသည်။
အဆိုပါ ပြခန်း၌ မြောင်းမြမြို့နယ်အတွင်း ထူးချွန်ထင်ရှားသော နိုင်ငံရေးအပါအဝင် စာပေ၊ ဂီတ နယ်ပယ်များတွင်ပါ ထူးချွန်ခဲ့ကြသူ စုစုပေါင်း ၄၆ ဦး၏ ထင်ရှားကျော်ကြားခဲ့ သည့် အတ္ထုပ္ပတိ အကျဉ်းတို့ကို ပြသထားရာ လာရောက်လေ့လာသူများက အထူး စိတ်ဝင်စားလျက်ရှိပြီး မြောင်းမြ မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ပြည်သူများ လာရောက်လေ့လာ လျက်ရှိသည် ။
" ထူးချွန်ထင်ရှား မြောင်းမြသားပြခန်းကို လေ့လာခွင့် ရတဲ့အတွက် မြောင်းမြမြို့သားတစ်ဦး ဖြစ်ရ တဲ့အတွက် အထူးဂုဏ်ယူမိပါတယ်၊ သူတို့တွေလို ထူးချွန်ထင်ရှားတဲ့သူ တစ်ဦးဖြစ်လာဖို့ ကြိုးစား သွားပါမယ် " ဟု ကဝက်အထက ကျောင်းမှ ကျောင်းသား မောင်ဟိန်းထက်ကျော်က ပြောသည်။
ကလေးစာပေပွဲတော် ကာလအတွင်း ကလေးများအတွက် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကား ပြောပြိုင်ပွဲများ၊ စက္ကူခေါက်၊စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲများအပြင် ထုပ်ဆီးတိုး၊ ဂိမ်းကစားပြိုင်ပွဲများ၊မျက်လှည့်၊ ရုပ်သေးပွဲ နှင့် ဖျော်ဖြေရေးပွဲများကိုလည်း စီစဉ်ထားကြောင်း သိရသည်။
ကလေးစာပေပွဲတော်ကို ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးရေး၊ စာပေဗဟုသုတရရှိရေး၊ ဉာဏ်ရည် ထက်မြက်ရေး၊ ကလေးများ၏ စွမ်းရည်းများ မြှင့်တင်ရေး၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
အောင်မင်း(မြောင်းမြ)