မြန်အောင် ၁၄ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ အထက(၂)ကျောင်း၌ ကလေးစာပေ ပွဲတော် (မြန်အောင်)ကို ကျင်းပလျက်ရှိရာ ဇန်နဝါရီလ ၁၄ရက်နံနက် ၈နာရီမှ စတင်ကာ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများ လာရောက်ကြည့်ရှုလေ့လာသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေကြောင်း သိရသည်။

ကလေးစာပေပွဲတော် (မြန်အောင်)ကို လာရောက်ကြသည့် ကျောင်းသား/သူလေးများက လူဝင် အရုပ်များတွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်း 3D ဗီနိုင်းများဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ပြပွဲ၊ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်းနှင့် ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများပြခန်းတွင် ဧရာဝတီနွယ်ဖွား နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ကြသူများဖြစ်သည့် နိုင်ငံတော်သမ္မတကြီးများ၏ ဓါတ်ပုံများ ၊ နိုင်ငံရေး၊ စာပေ၊ အနုပညာ ဂီတနယ်ပယ် အသီးသီးတွင် ကျော်ကြားထင်ရှားသည့် ဧရာဝတီတိုင်းသားများ၏ ဓာတ်ပုံများကို ချိတ်ဆွဲပြသထားရာ လာရောက် လေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။

"ကျွန်မတို့က သပြေကုန်းကျေးရွာကလာတာပါ။မြန်အောင်မြို့မှာ ကလေးစာပေပွဲတော်ကျင်းပ နေတယ်ဆိုလို့ လာရောက်လေ့လာတာပါ။ ရွာကျောင်းကကလေးတွေကို ခေါ်လာပြီး ပြိုင်ပွဲတွေမှာ ဝင်ပြိုင်စေပါတယ်။ဌာနဆိုင်ရာ ပြခန်းတွေကို ကြည့်ရူလေ့လာရာတဲ့အတွက် သူတို့လည်း ပျော်ရွှင် ကြပါတယ်။ ကလေးစာပေပွဲတော်မှာ ရောင်းချပေးတဲ့စာအုပ်တွေလည်း ပြန်ရင်ဝယ်သွားမှာပါ”ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမာက ပြောသည်။

သတင်း- ကိုဇော်( ပြန်/ဆက်)
ဓာတ်ပုံ - ဝင်းဗိုလ်
