ညောင်တုန်း ၁၃ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်(ညောင်တုန်း) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါပွဲတော်အား ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တွင် ညောင်တုန်းမြို့ အထက(၁)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ညောင်တုန်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် ပြခန်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ ပြိုင်ပွဲနှင့် ကစားပွဲပြုလုပ်ရန် နေရာများပြင်ဆင်ခြင်း၊ မုခ်ဦးများဆောက်လုပ်ခြင်း၊ ဖျော်ဖြေရေးခန်းမများ၊ စာဖတ်ခန်းများ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလေးစာပေပွဲတော်(ညောင်တုန်း)တွင် ပုံပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်း၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ဦးဘဂျမ်းရေးဆွဲခဲ့သော ကာတွန်းလက်ရာများပြခန်း၊ အသိပညာပေးပြခန်းများ၊ ကလေး စာဖတ်ခန်း၊ စာအုပ်အရောင်းဆိုင်များနှင့် ရန်ကုန်မြို့ Happy World ခေတ်မီကစားကွင်းမိသားစုမှ ကလေးများ ကစားနိုင်စေရန် ကစားနည်းများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်၍ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)