ဖာပွန် ၁၆  ဇန်နဝါရီ

 

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ပထမအကြိမ်ကျင်းပမည့် ခရိုင်အဆင့် ကလေးစာပေပွဲတော် (ဖာပွန်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပြိုင်ပွဲ၊ ပြခန်းများ ပြသနိုင်ရေး စတင်ပြင်ဆင်ခြင်းနှင့် ဖျော်ဖြေပွဲများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကလေးစာပေပွဲတော်ကို ဖာပွန်မြို့ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ (၁၈၊ ၁၉) ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ ပွဲတော်တွင် ကလေးများအတွက် ကဗျာရွတ်၊ ပုံပြော၊ ပန်းချီ၊ ဆေးရောင်ခြယ်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ၊ အိမ်ဆောက်၊ အရုပ်ဆက်၊ စကားပုံဆက်၊ အာလူးကောက်၊ ခြေပူးပြေး၊ အပြေးပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်၊ ဘောလုံးတာယာကွင်းကန်သွင်း၊ အုန်းသီးရိုက်၊ ဘတ်စကတ်ဘော လက်ပစ်သွင်း၊ ခေါင်းအုံးရိုက်၊ ပူပေါင်းဖောက်၊ ခြင်းလုံးခတ်ကွင်းသွင်းနှင့် ခါးလည့်ကွင်းလှည့် စသည့်ကစားနည်းများကို ထည့်သွင်း ကျင်းပသွားမည် ဖြစ်သည်။

 

ပြခန်းများအနေဖြင့် ရှမ်းရိုးရာယဉ်ကျေးမှုပြခန်း၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြခန်း၊ ဒေသဖွံဖြိုးရေးပြခန်း၊ စာအုပ်ပြခန်းနှင့် ကလေးစာဖတ်ခန်း၊ နည်းပညာအထက်တန်းကျောင်းပြခန်း(ဘားအံ)၊ ပညာရေးပြခန်းခန်း၊ မှုခင်းပညာပေးပြခန်း၊ စိုက်ပျိုးရေးပြခန်း၊ ကျန်းမာရေးပညာပေးပြခန်း၊ သိပ္ပံနည်းပညာပြခန်း စသည့် ပြခန်းများ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ကလေးငယ်များ၏ ကပြဖျော်ဖြေမှု (၈၂) ခုအပါအဝင် နေ့စဉ်စတုဒိသာကျွေးမွေးလှူဒါန်းမှုများ၊ ကလေးများစိတ်ဝင်စားဖွယ်ရာ 3D ဗီနိုင်းများ၊ လူဝင်ရုပ်များ၊ စာအုပ်အရောင်းဆိုင်များကိုလည်း ထားရှိပေးသွားမည်ဖြစ်သောကြောင့် မည်သူမဆိုလွတ်လပ်ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ကျော်ဝဏ္ဏ(ပြန်/ဆက်)