တာချီလိတ်  ၂၂  ဇွန် 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ စီစဉ်ကျင်းပမည့် ကလေးစာပေပွဲတော် (တာချီလိတ်)ကို မကာဟိုခမ်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ရန်ကုန်က စာရေးဆရာများနှင့် တာချီလိတ်မြို့နယ် စာရေးဆရာများတို့က အဆိုပါကျောင်းခန်းမ၌ စာပေဆိုင်ရာများကို  ဟောပြောဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

 

စာပေဟောပြောပွဲကို ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် စာရေးဆရာ မောင်ဇေယျာက " လူငယ်နှင့်အိပ်မက် " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ မောင်လေးရိပ်က " စာဖတ်ခြင်းဓလေ့ " ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောသွားမည်ဖြစ်သည်။ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ " လူငယ်နှင့်အနာဂတ် " ခေါင်းစဉ်ဖြင့် စာရေးဆရာကြီး အေးမောင်ကျော်၊ မောင်ဇေယျာ၊ မောင်လေးရိပ်၊ ဦးဝင်းချို(ဓူဝံစာပေ)နှင့် ကျောင်းသား ကျောင်းသူများက စာပေဆိုင်ရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။ 

 

ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် တာချိလိတ်မြို့နယ် စာရေးဆရာအသင်းမှ ဒေါက်တာမြင့်အောင်(မောင်မြန်မာ)က " မြို့ကိုချစ်တဲ့ မျိုးဆက်သစ် " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာကျော်စွာမြင့်က " လူငယ်နှင့် အနာဂတ် " ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် " လူငယ်နှင့်အနာဂတ် " ခေါင်းစဉ်ဖြင့် ဒေါက်တာမြင့်အောင်(မောင်မြန်မာ)၊ ဒုတိယရဲမှူး စံသိန်း(မောင်ဖိုးစံဒူးယား)နှင့် ဒေါက်တာကျော်စွာမြင့်နှင့် ကျောင်းသား ကျောင်းသူများက စာပေဆိုင်ရာများကို ဆွေးနွေးသွားကြမည် ဖြစ်သည်။

 

တေးဂီတ ဖျော်ဖြေရေးအနေဖြင့် ကျောက်ဆည်ဆင်အကဖြင့် ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကာ အဆိုပါ ပွဲတော်ကို ဇွန် ၂၅ ရက်မှ ၂၆ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

 

MDN