တောင်ငူ ၃၁ အောက်တိုဘာ
ကလေးစာပေပွဲတော် (တောင်ငူ)ကို နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် တောင်ငူမြို့ ခပေါင်းခန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ရာ တိုင်းရင်းသားတို့၏ ကိုယ်ပိုင် ဘာသာစကားဖြင့် တိုင်းရင်းသားရိုးရာပုံပြော၊ ကဗျာရွတ်အစီအစဉ်များကို ထည့်သွင်း စီစဉ်ထားကြောင်း ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။
အဆိုပါ တိုင်းရင်းသား ပုံပြင်ပြောနှင့်ကဗျာရွတ်ခြင်း အစီအစဉ်တွင် တောင်ငူခရိုင်အတွင်းရှိ တိုင်းရင်းသားများ ဖြစ်ကြသည့် ကရင်၊ ကယား၊ မွန်၊ ရှမ်းနှင့် ပအိုဝ့် တိုင်းရင်းသားတို့၏ ရိုးရာပုံပြင်နှင့် ကဗျာများကို မူလတန်းအဆင့် တိုင်းရင်းသားကလေးငယ်လေးများက ကိုယ်ပိုင် ဘာသာစကားအသီးသီးဖြင့် ရွတ်ဆိုကြပြီး မြန်မာဘာသာဖြင့်လည်း ဘာသာပြန်ဆို၍ တင်ဆက်ပေးသွားမည်ဖြစ်သည်။
တိုင်းရင်းသားပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေဖြင့် ရေးဖွဲ့ထားသည့် ကဗျာများ၊ ပုံပြင်များကို အခြားတိုင်းရင်းသားများသိရှိပြီး ဂုဏ်ယူမြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ထည့်သွင်းကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း၊ သက်လွင်(ပြန်ဆက်)


