ဝါးခယ်မ ၁၈ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေး စာပေ ပွဲတော်(ဝါးခယ်မ) ဖွင့်ပွဲကို ဝါးခယ်မမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ စည်ပင်သာယာ ရေးဝန်ကြီး ဦးကျော်မြင့်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်အဖြစ် "ဒေါ်ပိုက်မိ"ခန်းမတွင် ကျင်းပရာ အ.ထ.က(၁) မှကျောင်းသား ကျောင်းသူလေးများက ကလေးစာပေပွဲတော် သီချင်း Theme song ဖြင့် သီဆိုဖွင့်လှစ်ပြီး၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက အဖွင့်အမှာစကား ပြောကြားရာ ယနေ့ကျင်းပပြုလုပ်တဲ့ ကလေးစာပေပွဲတော်ကို ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန် ၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ဖြစ်လာစေရန် ၊ ကာယဥာဏစွမ်းအားများ တိုးတက်မြင့်မားလာပြီး အရည်အသွေးပြည့်ဝ၍ အနာဂါတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ၊ ကျောင်းနေအရွယ်ကလေးငယ်များ ကလေးစာပေပွဲတော်နှင့်ပါတ်သက်၍ ကျယ်ပြန့်စွာသိရှိပြီး အများစု ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရန် စတဲ့ ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က" ကလေးစာပေပွဲတော်( ဝါးခယ်မမြို့) သည် ဧရာဝတီတိုင်းဒေသြကြီးအတွင်း (၁၂) ကြိမ်မြောက်ကျင်းပသည့် မြို့ဖြစ်ကြောင်း ၊ ဧရာဝတီတိုင်းအတွင်း (၂၆) မြို့နယ်လုံးတွင် ၂၀၂၀ ခုနှစ် ဧပြီအအထိ ကလေးစာပေပွဲများကို ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့် အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားကာ ကျောင်းသားကျောင်းသူလေးများ၏ ဖျော်ဖြေကပြမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် အခြေခံပညာကျောင်းများ၏ ပညာရေးပြခန်းများ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသား များပြခန်း၊ လေးစာဂုဏ်ယူထိုက်ဖွယ် ဝါးခယ်မနွယ်ဖွား ဇာတိသားများပြခန်း၊ ကွန်ပျူတာ နည်းပညာ အဖွဲ့ ပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်း၊ ကြက်ခြေနီပြခန်း၊ အစိုးရစက်မှုလက်မှုသိပ္ပံပြခန်း၊ မီးသတ် တပ်ဖွဲ့ ပြခန်းများနှင့် ကလေးငယ်များ၏ ပုံပြော၊ ကဗျာရွတ်၊ ကျပန်း စကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း၊ ကလေးစာပေပွဲတော်သို့ပါဝင်ဆင်နွှဲကြသော ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက အ.ထ.က (၁) ကျောင်း၏ အတန်းအသီးသီးမှ လက်မှုပညာ အရုပ်အလှများအား သဘောကျ နှစ်သက်ကြကြောင်း သိရသည်။
"ကလေးစာပေပွဲတော် " စာအုပ်စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲ (ဝါးခယ်မ) ကို ဒီဇင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - အောင်မင်း၊ လွှမ်းသီဟ၊ ချစ်သက်လယ်၊ နန်းထိုက်၊