ဝါးခယ်မ ၁၂ ဒီဇင်ဘာ
ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဝါးခယ်မမြို့နယ် စီမံခန့်ခွဲမူကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော "ကလေးစာပေပွဲတော် " စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ဝါးခယ်မမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဒီဇင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအချိန်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထ ကောင်းများ ရရှိလာစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ပြီး " ကလေးစာပေပွဲတော် " စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးစာပေပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် ပုံပြော၊ ကဗျာရွတ်၊ ကျပန်း စကားပြောပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းနှင့် အသိပညာပေး ပြခန်းများ၊ ကလေး စာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးစာပေပွဲတော်အား မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များက မြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ အသိပေး ပိုစတာများ ချိတ်ဆွဲ စိုက်ထူကာ ကြော်ငြာပေးထားကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)