စစ်ကိုင်း  ၁၄  ဇန်နဝါရီ 

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  အခြေခံပညာဦးစီးဌာနနှင့်  ခရိုင်စီမံခန့်ခွဲရေးကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဒုတိယနေ့ကို ယနေ့ ဆက်လက်ပြီး စစ်ကိုင်းမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပရာ လာရောက်ဆင်နွှဲသူများဖြင့် စည်ကားများပြားလျက်ရှိသည်။

 

ပြပွဲတွင်  စစ်ကိုင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ လာရောက်ဖျော်ဖြေသည့် ရိုးရာယဉ်ကျေးမှု အကများနှင့် တိုင်းရင်းသားအကများ၊  ဆင်အက၊ ခြင်းလုံးခတ် ကစားခြင်းတို့တွင် ပွဲတော်လာရောက် ဆင်နွှဲကြသူများ တစ်ခဲနက်အားပေးကြသည်။

 

11

 

ထို့ပြင်ပြပွဲကျင်းပရေးကော်မတီက စီစဉ်ထားသည့် ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် အခြားပျော်ရွှင်ဖွယ်ရာ ကစားနည်းများတွင် ကျောင်းသား ကျောင်းသူများ တပျော်တပါး ပါဝင်ဆင်နွှဲကြသည်။

 

အလားတူ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီး ဌာနတို့၏ ပြခန်းများနှင့် စစ်ကိုင်းခရိုင်အတွင်းမှ လက်မှုထုတ်ကုန်ပြခန်းများတွင်လည်း ကျောင်းသားကျောင်းသူများ၊ ကလေးငယ်များ၊ ဆရာ၊ ဆရာမများ၊ ပြည်သူများ စိတ်ဝင်တစား ဝင်ရောက်လေ့လာကြပြီး ခင်းကျင်းရောင်းချလျက်ရှိသည့် စာအုပ်အရောင်းဆိုင် များတွင်   ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

 

ပွဲတော်တွင် စာအုပ်အရောင်းဆိုင်ပေါင်း ၈၁ ဆိုင် ဖွင့်လှစ်ရောင်းချခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်က ရောင်းချရငွေ စုစုပေါင်း ၁၆၅ သိန်းကျော်ရှိပြီး ယနေ့တွင် ၂၅၅ သိန်းကျော်ရှိကြောင်း သိရသည်။

 

ပွဲတော်တွင် လာရောက်ဆင်နွှဲသူများအား စစ်ကိုင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်လုပ် ငန်းရှင်များအသင်း၊ မာမားခေါက်ဆွဲ၊ အိုဗာတင်းနှင့် Best White ကော်ဖီတို့မှ အစား အစာ အချိုရည်နှင့် ရေသန့်ဗူးများ  အာဟာရဒါနအဖြစ် ဝေငှခဲ့ကြသည်။

 

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများမှာ နောက်ဆုံးဗိုလ်လုပွဲများဖြစ်၍ ယမန်နေ့ ကထက် ပိုမိုအားထည့် ယှဉ်ပြိုင်ခဲ့ကြပြီး အားပေးသူလည်း ပိုမိုများပြားသည်။ ညနေပိုင်း ပြိုင်ပွဲများတွင် ဆုရရှိသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့သည်။

 

22

 

ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်သည့်စာပေဟောပြောပွဲတွင် မြင်းမူမောင်နိုင်မိုးက ကဗျာထဲ က ဘဝ၊ ဘဝထဲက ကဗျာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာရဲသျှမ်းက ဇ - ဇရပ်မှာ တည်းခိုပါ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။ ထို့ပြင် စာပေဆွေးနွေးပွဲကို အတန်းပညာ နှင့် အတတ်ပညာ ခေါင်းစဉ်ဖြင့် ပြုလုပ်ရာ   တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုမြတ်ထက်၊ ဆရာသစ်ဝေခ၊ အမောင် (ပုဂံ) ၊ ဆရာဇော် နောင်ဟိန်း၊ ဆရာသက်နိုင်ထွန်းတို့က ဆွေးနွေးကြပြီး တက်ရောက် နားထောင်သူ အင်အား  ၂၅၀ ကျော် ရှိကြောင်း ရှိသည်။

 

ယနေ့ပြုလုပ်သည့် စာပေဟောပြောပွဲတွင် ဆရာမျိုးသူရ (စစ်ကိုင်း) က ငါတို့ခေတ်၊ မင်းတို့ခေတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆရာဇော်နောင်ဟိန်းက လူငယ်တွေ ခွန်အားရှိဖို့ လိုသည် ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ပြီး တက်ရောက်နား ထောင်သူ အင်အား ၇၀ ကျော်ရှိကြောင်း သိရှိရသည်။

 

ကလေးစာပေပွဲတော် (စစ်ကိုင်း)သို့ ဇန်နဝါရီ ၁၃ ရက်တွင်   လာရောက်ပါဝင်ဆင်နွှဲသူ ခုနစ်သောင်းကျော် ရှိပြီး ယနေ့တွင် အင်အား ရှစ်သောင်းကျော်ရှိကြောင်း သိရသည်။

 

အေးမြ(မန္တလေး)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်

 

33