ကျုံပျော် ၉ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီးအတွင်း (၁၆) ကြိမ်မြောက်ကျင်းပမည့် ကလေးစာပေပွဲတော်(ကျုံပျော်) စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်မှုကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၁) ကျုံပျော် ဖွင့်ပွဲမုဒ်ဦးရှေ့၌ ပြုလုပ်ခဲ့သည်။
အစမ်းလေ့ကျင့်ရာတွင် ဌာနဆိုင်ရာအကြီးအကဲများက ဦးဆောင်၍ ပုသိမ်ထီးယိမ်းအကများ၊ Fitness Danes အကများ၊ ပန်းဖွားအကများ၊ အိုးစည်ဝိုင်းနှင့် ကရင်ဒုံးယိမ်းအကများ၊ စုပေါင်းဓာတ်ပုံရိုက်မည့် ကျောင်းသား ကျောင်းသူများပါဝင်၍ အစမ်းလေ့ကျင့်မှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကလေးစာပေပွဲတော်ကို ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၀၊၁၁ ရက်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး၊ ပွဲတော်တွင် ကလေးများအတွက် ကဗျာရွတ်၊ပုံပြော၊ပန်းချီ၊ဆေးရောင်ခြယ်နှင့် ကျပန်းစကားပြောပြိုင်ပွဲများ၊ အိမ်ဆောက်၊ အရုပ်ဆက်၊ စကားပုံဆက်၊ အာလူးကောက်၊ဘောလုံးလက်ဆင့်ကမ်း၊ ခြေ/လက်ထောက်၊ ဆန်ကောရွက်၊ လက်ဝါးပန်းချီရေးဆွဲခြင်း စသည့်ကစားနည်းများကို ထည့်သွင်းကျင်းပ သွားမည်ဖြစ်သည်။
ပြခန်းများအနေဖြင့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ စာအုပ်ပြခန်းနှင့် ကလေးစာဖတ်ခန်း၊ ပညာရေးပြခန်း(၄)ခန်း၊ ပန်းချီပြခန်း၊ စာပေချစ်သူများအဖွဲ့(Book Club)ပြခန်း၊ စည်ပင်သာယာရေး အဖွဲ့ပြခန်း၊ မီးသတ်တပ်ဖွဲ့နှင့်သဘာဝဘေးပြခန်း၊ အမေ့မေတ္တာအမျိုးသမီး ပရဟိတအဖွဲ့ပြခန်း၊ ရင်ခွင်မဲ့ လျော့ချရေးအဖွဲ့ပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြခန်း၊ စိုက်ပျိုးရေးနှင့်ဒေသထွက်ကုန်ပြခန်း၊ ကျန်းမာရေးနှင့် ကြက်ခြေနီပြခန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်းစသည့် ပြခန်းများ ပါဝင်ပြသသွားမည်ဖြစ်ကာ၊ စာရေးဆရာ(၁၂)ဦး တို့ကလည်း ကလေးများ အသိပညာ ဗဟုသုတတိုးပွားစေရန် စာပေဟောပြောဆွေးနွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကလေးငယ်များ၏ ကပြဖျော်ဖြေမွုများ အပါအဝင် စတုဒီသာကျွေးမွေးခြင်း ကလေးများ စိတ်ဝင်စားဖွယ်ရာ 3D ဗီနိုင်းများ၊ လူဝင်ရုပ်များ၊ စာအုပ်အရောင်ဆိုင်များကိုလည်း ထားရှိပေးသွားမည် ဖြစ်သောကြောင့် မည်သူမဆိုလွတ်လပ်ပျော်ရွင်စွာ လာရောက်ပါဝင်ဆင်နွဲနိုင်ကြောင်း သိရသည်။
နေဝင်း(ကျုံပျော်)


