လပွတ္တာ ၉ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပသော လပွတ္တာမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက လပွတ္တာမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှနှင့် လပွတ္တာခရိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်တို့က အမှာစကားပြောကြာပြီး ကလေးစာပေပွဲတော်တွင် ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူ ကလေးငယ်များအား အသီးသီးဆုများ ပေးအပ်ခဲ့သည်။
အဆိုပါ လပွတ္တာမြို့ ကလေးစာပေပွဲတော်သို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၂)အုပ်စုမှ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ၂၀၀၀၀ ကျော် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ပြီး ပြိုင်ပွဲများအလိုက် ကျောင်းသား၊ ကျောင်းသူ (၄၇) ဦးအား ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


