မြစ်ကြီးနား ၁၉ ဇန်နဝါရီ 


ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော် (မြစ်ကြီးနား) ကို ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

123


ကလေးစာပေပွဲတော်တွင် စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ တိုင်းရင်းသားဘာသာ စကားများဖြင့် ပုံပြင်ပြောပြိုင်ပွဲ၊ အင်္ဂလိပ်ဘာသာဖြင့် ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်စီးတိုးပြိုင်ပွဲ၊ အဖွဲ့လိုက် အားကစားပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။    


ထို့ပြင် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ပြီး မြစ်ကြီးနားမြို့ရှိ ကျောင်းပေါင်းစုံမှ ကျောင်းသားကျောင်းသူများ၊ ကချင်အနုပညာရှင်တေးသံရှင်များ ပါဝင်ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်သည့်အပြင် ကျောက်ဆည်ဆင်အက၊ မျက်လှည့်၊ ရုပ်သေး၊ တိုင်းရင်းသားရိုးရာ အကများဖြင့်လည်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကလေးစာပေပွဲတော် ကျင်းပသည့်ရက်များအတွင်း စာပေဟောပြောပွဲ၊ စာပေစကားဝိုင်းနှင့် ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပသွားမည်ဖြစ်သည့်အပြင် တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုပြခန်းများနှင့် အသိပညာပေးပြခန်းများကိုလည်း ထည့်သွင်းပြသသွားမည် ဖြစ်သည်။


ကလေးစာပေပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကာ နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ ရန်ကုန်နှင့် ပုသိမ်မြို့တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။


အောင်မင်းဟန်
ဓာတ်ပုံ- သက်နိုင်လင်း