မြစ်ကြီးနား ၂၂ ဇန်နဝါရီ
ကလေးစာပေပွဲတော်(မြစ်ကြီးနား)တွင် တိုင်းရင်းသားဘာသာစကားဖြင့် ကဗျာနှင့် ပုံပြောပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ပြီး ဇန်နဝါရီ ၂၁ ရက် ပွဲတော်ဒုတိယနေ့ ပုံပြောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် မူလတန်းနှင့် အလယ်တန်းအဆင့် တိုင်းရင်းသား ကျောင်းသား ကျောင်းသူများအား ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပုံပြောပြိုင်ပွဲတွင် ဂျိမ်းဖောတိုင်းရင်းသူ မဂျာနောင်ဆိုင်း၊ ရဝမ်တိုင်းရင်းသား ချန်းဒေးဗစ်ဆန်းလွင်၊ တိုင်းဆာတိုင်းရင်းသူ မမြတ်မွန်မြင့်၊ ဂျိမ်းဖောတိုင်းရင်းသူ ဂျာဒိမ်၊ တိုင်းလုံတိုင်းရင်းသား မောင်စိုင်းမြင့်ဦး၊ ဇိုင်းဝါးတိုင်းရင်းသား မောင်ဇော်မြတ်အောင်၊ လီဆူတိုင်းရင်းသူ ခေါင်နော၊ လောဝေါ်တိုင်းရင်းသူ ဟောင်းညွှယ်၊ လီဆူတိုင်းရင်းသူ ရာခေလ၊ လာချိဒ်တိုင်းရင်းသူ ယော်နာမ်၊ တိုင်းလုံတိုင်းရင်းသား စိုင်းထက်ရှားအောင်တို့ ဆုလက်ဆောင်များ ရရှိခဲ့သည်။
အလားတူ ကလေးစာပေပွဲတော် ပထမနေ့ကျင်းပသည့် ကဗျာပြိုင်ပွဲတွင် တိုင်းလုံတိုင်းရင်းသူ စိုင်းမြတ်လင်းနှင့် ဆုရတနာဖြိုး၊ တိုင်းဆာတိုင်းရင်းသူ မနန်းကေသီအေး၊ တိုင်းလိုင်တိုင်းရင်းသူ မနေခြည်ဦးနှင့် နန်းဇင်သူစိုး၊ ဇိုင်ဝါးတိုင်းရင်းသူ မစိုင်းနန်လုံ၊ ဂျိမ်းဖောတိုင်းရင်းသူ မဂျာဆိုင်းနန်နှင့် မထွယ်ဆန်အိန်၊ ရဝမ်တိုင်းရင်းသူ ဝဒမ်နန်ဆားရ်၊ လီဆူတိုင်းရင်းသား မဇီမာဆီး၊ လောဝေါ်တိုင်းရင်းသူ ဟောင်းညွှယ်နှင့် ဟောင်းနောတို့ ဆုလက်ဆောင်များ ရရှိခဲ့ကြောင်း သိရသည်။
တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်စာပေဖြင့် ရေးဖွဲ့ထားသည့် ကဗျာများ၊ ပုံပြင်များကို အခြားတိုင်းရင်းသားများ သိရှိပြီး ဂုဏ်ယူမြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ တိုင်းရင်းသား ဘာသာစကားဖြင့် ကဗျာနှင့် ပုံပြောပြိုင်ပွဲများကို ထည့်သွင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ရှင်မင်း၊ ဓာတ်ပုံ- ထိန်နန်နော်
