မြန်အောင်  ၁၃ ဇန်နဝါရီ

 

ကလေးစာပေပွဲတော်(မြန်အောင်) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

2520

 

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းသူ ကျောင်းသားများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

 

633.

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ''မြန်အောင်မြို့နယ် ကလေးစာပေပွဲတော်ကို ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့ထကောင်းများ ဖြစ်လာစေရန်၊ ပညာဗဟုသုတနှင့် လူရည်လူသွေးပါပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက် ပြုနိုင်သူများဖြစ်လာစေရန်၊ ကျောင်းနေအရွယ် ကလေးငယ်များ ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ ကျယ်ပြန့်စွာသိရှိပြီး အများစုပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ အလားတူ ခရိုင်အဆင့်အနေဖြင့် ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်တို့တွင်လည်း ကလေးစာပေပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ကြောင်း၊ ပွဲတော်ကို ကလေးသူငယ်များရင်ထဲတွင် သိချင်သည့်စိတ်၊ တတ်ချင်သည့်စိတ်၊ လေ့လာသင်ယူချင်သည့်စိတ်များ တစ်သက်တာ ကိန်းအောင်း ပေါ်ပေါက်လာစေရန် ရည်ရွယ်ကြောင်း ပြောကြားသည်။

 

8200265

 

ဆက်လက်၍ ဝန်ကြီးချုပ်က “ရိုးသားကြိုးစားဧရာဝတီသားများဆောင်ပုဒ်နှင့်အညီ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းတွင် ပြသထားသည့် နယ်ပယ်စုံမှ ပုဂ္ဂိုလ်ကြီးများကဲ့သို့ ထူးချွန်သော ပုဂ္ဂိုလ် များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မြို့နယ်အဆင့် ကလေးစာပေပွဲတော်များကို ချောင်းသာမှစ၍ ခရိုင်အဆင့်‌ ၂ မြို့နယ်၊ မြို့နယ်အဆင့် ၁၃ မြို့နယ်၊ မြို့အဆင့် ၂ မြို့၊ စုစုပေါင်း ၁၇ မြို့နယ် ကျင်းပခဲ့ပြီး နောင်နှစ်များတွင်လည်း ယခုကဲ့သို့ ကလေးစာပေပွဲတော်များကို ကျင်းပပေးစေလိုကြောင်း ပြည်သူများထံမှ ကြားသိရသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း ဝမ်းသာပီတိ ဖြစ်ရကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်အောင်မြို့နယ်အတွင်းရှိ ရေနံမြေစာကြည့်တိုက်၊ ရသအောင်မြေရပ်ကွက်စာကြည့်တိုက်၊ သိဒ္ဓိအောင်ကျေးရွာ စာကြည့်တိုက်များနှင့် ဆေးရုံအထောက်အကူပြုအဖွဲ့သို့ ငွေကျပ် ၃ သိန်းစီနှင့် Wisdom Box စာကြည့်တိုက် ဖွံ့ဖြိုးရေးအစီအစဉ်အတွက် ငွေကျပ် ၂ သိန်း ပေးအပ်လှူဒါန်းခဲ့သည်။

 

8

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကလေးစာပေပွဲတော် (မြန်အောင်)၌ ခင်းကျင်းပြသထားသည့် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ကလေးစာဖတ်ခန်း၊ ပြိုင်ပွဲများ၊ မြန်အောင်ရေနံမြေ၊ ပညာရေး၊ ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုသရေး၊ စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးပြခန်းနှင့် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းပြခန်းများ၊  မြန်မာဆက်သွယ်ရေးလုပ်ငန်း၏ Unicode စနစ်ပြောင်းလဲရေး ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်နေမှုများ၊ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

203

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်၌ ကလေးစာပေပွဲတော်များကို ဆက်လက် ကျင်းပလျက်ရှိရာ ယနေ့ပြုလုပ်သော ကလေးစာပေပွဲတော် (မြန်အောင်)ကို တိုင်းဒေသကြီးအတွင်း (၁၇) ကြိမ်မြောက်အဖြစ် ကျင်းပလျက်ရှိပြီး ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

58963

 

(တိုင်းဒေသကြီး ပြန်/ဆက်)