ပုသိမ်  ၃  နိုဝင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်(ပုသိမ်) ကလေးစာပေ ပြပွဲနှင့်စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃ ရက် နံနက် ၉ နာရီက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ထူးချွန်ကျောင်းသား ကျောင်း သူ(၆)ဦးတို့က ကျောင်းသားကျောင်းသူ (၂၅၀) ခြံရံလျက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကျင်းပမည့် ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမကြီးအတွင်းနေရာယူကြပြီး ဧရာဝတီတိုင်းဒေသကြီးရှိ အမှတ်(၉) မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ကလေးစာပေပွဲတော် Theme song" သီဆိုကာ အခမ်းအနားဖွင့်လှစ်ပေးခဲ့၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားခဲ့ သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားခဲ့၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး အ.မ.က မရမ်းချိုကျောင်းမှ ကျောင်းသား/ကျောင်းသူ ၉ ဦး က "ထာဝရမြန်မာ"သီချင်း၊ အထက(၃)ကျောင်း သား/ကျောင်းသူ ၈ ဦး က "မနောမြေမှ တေးသံသာ"သီချင်းနှင့် အထက (၅)ကျောင်း သား/ကျောင်းသူ ၁၆ ဦး က ကရင်ဒုံးယိမ်း အကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

 

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ဘွဲ့နှင်းသဘင်ခန်းမဆောင် အတွင်းအပြင် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ကလေးစာပေပွဲတော်ကို ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ နိုဝင်ဘာ ၃၊ ၄၊ ၅ ရက်များတွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ကလေးစာပေပွဲတော်တွင် ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ ကျပန်းစကား ပြောပြိုင် ပွဲများ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများ၊ စက္ကူခေါက်ပြိုင်ပွဲများ၊ ကာတွန်းပြပွဲနှင့် ပုံတူပန်းချီရေးဆွဲခြင်းများ၊ ပန်းချီပြိုင်ပွဲများ၊ အိမ်တည်ဆောက်မှုပြိုင်ပွဲများ၊ အရုပ်ဆက် ကစားနည်းများ၊ စကားပုံဆက်ကစားနည်းများ၊ Game ကစားနည်းများ၊ ကလေးစာပေမြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲများ၊ စာပေဟောပြောပွဲများ၊ ကလေးစာဖတ်ခန်း သရုပ်ပြ အစီအစဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

 ချစ်သက်လယ် (ပြန်/ဆက်)