ရေကြည် ၂၅ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော်(ရေကြည်) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက ရေကြည်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း တေဇာသီရိခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ပွဲတော်တွင် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပြီး ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကျောင်းသား ကျောင်းသူလေးများက တေးသီချင်း အကများဖြင့် ဖျော်ဖြေကြပြီး အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ကလေးစာပေပွဲတော် Theme Song သီချင်းသီဆို၍ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်း- နေဝင်း
ဓာတ်ပုံ- စိုးမင်းဦး၊ အောင်သူဟန်(ပြန်/ဆက်)