ကလေးစာပေပွဲတော်(ရေကြည်)ဒုတိယနေ့ အားကစားပြိုင်ပွဲများ၌ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ရေကြည်  ၂၅   ဇန်နဝါရီ 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော်(ရေကြည်)ကို ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ကျင်းပလျက်ရှိရာ ယနေ့ကလေးစာပေပွဲတော် ဒုတိယနေ့နံနက်ပိုင်းက အ-ထ-က(၁) ရေကြည်ကျောင်းဝင်း အတွင်းရှိအားကစားပြိုင်ပွဲအစီအစဉ်များတွင် ပါဝင်ယှဉ်ပြိုင်သူ ကျောင်းသား/ကျောင်းသူများ၊ လာရောက်အားပေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

a

 

ကျောင်းသား/ကျောင်းသူများ၏ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် အာလူးကောက်၊ ဂုံနီအိတ်စွပ်အပြေးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ Fitness dance အကပြိုင်ပွဲ၊ တာယာကွင်းနင်းအပြေးပြိုင်ပွဲနှင့် ဆန်ကော ရွက်အပြေးပြိုင်ပွဲ အစရှိသည့် အားကစားပြိုင်ပွဲများကို ကလေးစာပေပွဲတော်၌ ထည့်သွင်းစီစဉ်ကျင်းပပေးလျက်ရှိရာ ယနေ့အဆိုပါ အားကစားပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကလေးစာပေပွဲတော်(ရေကြည်)ကို ဇန်နဝါရီ  ၂၄ ရက်နှင့် ၂၅ ရက်နေ့ နှစ်ရက်တိုင်တိုင် အ-ထ-က (၁)ရေကြည်မြို့တွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်း(၁၉)ကြိမ်မြောက် ကျင်းပနိုင်ခဲ့သောပွဲတော်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ အပါအဝင်ပြခန်းများ/ စာပေဟောပြောပွဲ/ အရုပ်ဆက်/ပုံပြော/ ကဗျာရွတ်/ကျပန်းစကားပြောပြိုင်ပွဲ/ ပန်းချီ/ဆေးရောင်ခြယ်/ရိုးရာခြင်းအလှခတ်ဖျော်ဖြေပွဲ၊ဒေသထွက် ကုန်ကြိမ်၊ဝါး၊ ဗေဒါကုန်ပစ္စည်း ပြခန်း၊ကလေးစာဖတ်ခန်း/ ကျောင်းပေါင်းစုံပဒေသာကပွဲနှင့် စာအုပ်စာပေပြပွဲ/စာအုပ်ဈေးရောင်း ပွဲများဖြင့်စုံလင်စွာ စီစဉ်ကျင်းပပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

သတင်းနှင့်ဓါတ်ပုံ - အောင်သူဟန်၊နေဝင်း၊ စိုးမင်းဦး(ပြန်/ဆက်)