ရေကြည် ၂၃ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ(ရေကြည်)ကို ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရေကြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် ဒေသထွက်ကုန် လက်မှုလုပ်ငန်းများဖြစ်သည့် ကြိမ်၊ ဝါး၊ ဗေဒါကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားသော လူသုံးကုန်ပစ္စည်းများ ပြခန်းအား ထည့်သွင်းပြသထားသည့်အပြင် ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်း၊ မြို့နယ် ဌာနဆိုင်ရာပြခန်းများဖြစ်သည့် မီးသတ်ဦးစီးဌာန ပြခန်း၊ ကျန်းမာရေးဦးစီးဌာန ပြခန်း၊ အခြေခံပညာဦးစီးဌာန ပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြခန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်း၊ မြို့နယ်ရဲတပ်ဖွဲ့ပြခန်းနှင့် မြို့နယ်ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လူမှုရေးအသင်းအဖွဲ့ပြခန်း အစရှိသည့် ပြခန်းစုစုပေါင်း (၁၀)ခန်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကလေးစာပေပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် အထွေထွေဗဟုသုတ ရရှိစေရေး၊ ကျန်းမာပျော်ရွှင်စွာ ပညာဗဟုသုတ ရှာဖွေနိုင်စေရေးအတွက် ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ပန်းချီဆွဲ၊ ကျပန်းစကားပြော၊ ဆေးရောင်ခြယ်၊ စက္ကူခေါက်၊ အိမ်ဆောက်ပြိုင်ပွဲများ၊ ကာယစွမ်းရည်အတွက် ထုပ်ဆီးတိုး၊ အာလူးကောက်၊ ဂုံနီအိတ်စွပ်အပြေး၊ ဆန်ကောရွက်၊ ခြေထောက်လက်ထောက် အစရှိသည့် အားကစားပြိုင်ပွဲများနှင့် ကလေးစာဖတ်ခန်း၊ ကျောင်းပေါင်းစုံ ပဒေသာကပွဲ၊ စာအုပ်ပြပွဲနှင့် ဈေးရောင်းပွဲတော်များကို အ.ထ.က(၁) ရေကြည်မြို့၌ ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နေ့စဉ်နံနက် (၉)နာရီမှ ညနေ(၅)နာရီအထိ စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ လာရောက်ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။

သတင်းနှင့်ဓါတ်ပုံ- အောင်သူဟန်၊ စိုးမင်းဦး၊ ကိုနေဝင်း(ပြန်/ဆက်)
