သာပေါင်း ၂၈  နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည့် ကလေးစာပေ ပွဲတော်(သာပေါင်း)တွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ တစ်သောင်းကျော် ပါဝင်ဆင်နွှဲသွား မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြူကြူလှိုင်ထံမှ သိရသည်။

" ပုသိမ်တက္ကသိုလ်မှာ ပြီးခဲ့တဲ့နှစ်က ကလေးစာပေပွဲတော် လုပ်ခဲ့ကတည်းက ကိုယ့်မြို့နယ်က ကလေးတွေကိုလည်း ဒီလိုမျိုးပွဲတော်မှာ ပါဝင်ဆင်နွှဲစေချင်တဲ့ဆန္ဒ အပြည့်ရှိခဲ့ပါတယ်။ အခု ဒီသာပေါင်းမြို့ အ.ထ.က မှာ ဆောင်ရွက်ခွင့်ရတဲ့အတွက် အထူးဝမ်းသာမိပါတယ်။ မြို့နယ်ထဲက ကျောင်းပေါင်း (၂၃၆)ကျောင်းက ကျောင်းသား၊ ကျောင်းသူ တစ်သောင်းကျော်ကို ပါဝင်ဆင်နွှဲဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ အခြားကလေးငယ်တွေလည်း အများကြီးလာဖို့ရှိပါတယ်။ ကလေးတွေကလည်း ဒီလိုပွဲတော်ကြီးနဲ့ကြုံရတာရော ပါဝင်ဆင်နွှဲခွင့်ရမှာဖြစ်တာကြောင့် အများကြီး အားတက်ပျော်ရွှင်နေကြပါတယ်" ဟု ၎င်းက ဆိုသည်။

ကလေးစာပေပွဲတော်(သာပေါင်း)ကို နိုဝင်ဘာ ၂၉ ရက်နှင့် ၃၀ ရက် တို့တွင် နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆေးရောင်ခြယ်၊ အရုပ်ဆက်၊ စကားပုံဆက်၊ အိမ်ဆောက် ကစားနည်းများ၊ Team Building ကစားနည်းများ ၊ ပြခန်းနှင့် ဖျော်ဖြေပွဲများ၊ စာအုပ်အရောင်းဆိုင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်စိုး(ပြန်/ဆက်)