တာချီလိတ် ၁၇ ဇွန်
ကလေးစာပေပွဲတော်(တာချီလိတ်) စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၁၇ ရက် နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုင်းတုံတွဲဖက်ပြည်နယ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ကလေးစာပေပွဲတော်(တာချီလိတ်)ကျင်းပရေး လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပါဝါပွိုင့်ဖြင့် ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသော ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီ အသီးသီးတို့မှ တာဝန်ရှိသူများက ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး ဖြည့်စွက်ဆွေးနွေးပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ဆွေးနွေးကြရာ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် လုပ်ငန်းဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ(တာချီလိတ်)ကို မကာဟိုခမ်းရပ်ကွက်ရှိ အထက(တာချီလိတ်)ကျောင်း၌ ဇွန် ၂၅ ရက်မှ ၂၆ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။
ကလေးစာပေပွဲတော်များကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်နှင့် ပညာဗဟုသုတသာမက လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN