ပြည်၊ ၁၂ ဇန်နဝါရီ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ရုံးများနှင့် ဂျပန်နိုင်ငံ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (Shanti Volunteer Association -SVA)တို့ ပူးပေါင်းဆောင်ရွက်သော ကလေးစာဖတ်ခန်းနှင့် စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ တတိယအကြိမ် သုံးလပတ်(အွန်လိုင်း) အစည်းအဝေးကို ဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းက ပြုလုပ်သည်။
အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်တာကာလအတွင်း အဓိကထား ပူးပေါင်းဆောင်ရွက်ခဲ့သော ကလေးစာဖတ်ခန်း ဝန်ဆောင်မှုအခြေအနေများ၊ နယ်လှည့် ရွေ့လျားစာကြည့်တိုက်နှင့် စာငှားဝန်ဆောင်မှုအခြေအနေများ၊ ဦးတည်အခြေခံပညာ ကျောင်းများမှ ဆရာ ဆရာမများကို သင်တန်းတိုပေးမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလ အတွင်း အွန်လိုင်းမှ ပုံပြောခြင်းအခြေအနေနှင့် ကလေးစာဖတ်ခန်းမှ စာငှား ဝန်ဆောင်မှု အခြေအနေ၊ ကိုဗစ်ကာလအတွင်း SVA ၏ အခြားအသိပညာပေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ စသည့် အကြောင်းအရာများကို သုံးသပ်တင်ပြ ဆွေးနွေးခဲ့ကြကြောင်းနှင့် ယင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းစဉ် အခြေအနေများကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး အဆိုပါ အွန်လိုင်း အစည်းအဝေးသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးအရာရှိနှင့် မြို့နယ်ဦးစီးမှူးများ၊ စာကြည့်တိုက် တာဝန်ခံဝန်ထမ်းများနှင့် ရှန်တီစေတနာ့ဝန်ထမ်း အဖွဲ့(SVA)မှ ဒါရိုက်တာနှင့် ဝန်ထမ်းများ တက်ရောက် ဆွေးနွေးကြသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


