ကလေးက ဝဝကစ်ကစ်လေး ချစ်ဖို့ ကောင်းလိုက်တာလို့ ပြောတတ် ကြပါတယ်။ ချစ်ဖို့ထက် စိုးရိမ်စရာ ကောင်းတယ်လို့ပဲ ပြောပါရစေ။ ဘယ်အရွယ်မှာမဆို ဝခြင်း ပိန်ခြင်းသည် မကောင်းပါဘူး။ သူ့အရွယ်နဲ့သူ ထိုက်သင့်တဲ့ ကိုယ်အလေးချိန်ရှိမှသာ ကလေးက ကျန်းကျန်းမာမာနဲ့ ရောဂါကင်းကင်း နေနိုင်မှာပါ။ ကလေးအရွယ်တည်းက ဝနေရင် နောက်ပိုင်း ကြီးလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒါကြောင့် ကလေး တစ်ယောက် ဘာကြောင့် အဝလွန် တာလဲ။ နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။ အဝမလွန်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ မေမေတွေ သိထားသင့်ပါတယ်။

 

ကလေး အဝလွန်နေမှန်း ဘယ်လိုသိနိုင်လဲ

 

ဝတဲ့ကလေးတိုင်းက အဝလွန်နေတာ မဟုတ်ပါဘူး။ တချို့ကလေးတွေက ဒီတိုင်းကို လူကောင်ထွားနေတာ ရှိပါတယ်။ နောက်ပြီး ကလေးတွေရဲ့ ကိုယ်မှာ အဆီစု တာကလည်း အရွယ် အလိုက် ကွာပါတယ်။ ဒါကြောင့် အပြင်ပန်း ကြည့်ရုံနဲ့ ကလေး တစ်ယောက် အဝလွန်မလွန်ဆိုတာ မသိနိုင်ပါဘူး။

 

အဝလွန်တာကို သိချင်ရင် ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းလို့ ခေါ်တဲ့ BMIနဲ့ တွက်ရပါတယ်။ ကလေးဆိုရင်တော့ growth charts ပါ လိုပါတယ်။ ဒါမှ ကလေးတစ်ယောက်က သူ့ရဲ့ အသက် ဒါမှမဟုတ် အရပ်နဲ့ လိုက်တဲ့ ကိုယ်အလေးချိန်ရှိမရှိဆိုတာ သိနိုင်မှာပါ။

 

ကလေး အဝလွန် ရတဲ့ အကြောင်းရင်းများ

 

အစားအသောက်ကတော့ အဓိကပေါ့။ နောက်ကိုယ်လက်လှုပ်ရှားမှုနည်းတာလည်း ပါပါတယ်။ ဒါတွေအပြင် မျိုးရိုးဗီဇနဲ့ ဟော်မုန်းတွေကလည်း အဝလွန်ခြင်းနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။

 

•           အစားအသောက်

 

ကယ်လ်လိုရီများတဲ့ အစားအစာတွေ၊ အသင့်စားအစားအသောက်တွေက ကလေးကို ဝိတ်တက်စေပါတယ်။ ဒါ့ပြင် သကြားလုံးတွေ၊ မုန့်အချိုတွေ၊ သစ်သီးဖျော်ရည်တွေအပါအဝင် အအေးတွေ ကလည်း ဝိတ်တက်စေတဲ့ တရားခံတွေဖြစ်ပါတယ်။

 

•           လေ့ကျင့်ခန်း မလုပ်ခြင်း

 

အစားပဲစားပြီး လေ့ကျင့်ခန်း မလုပ်တဲ့ ကလေးတွေက ကယ်လ်လိုရီတွေ စုလာပြီး ကြာလာရင် အဝလွန်လာပါလိမ့်မယ်။ တစ်နေ့တစ်နေ့ ထိုင်ရာမထဘဲ တီဗွီကြည့်နေတာ၊ ဂိမ်းဆော့နေတာကလည်း ပြသနာတစ်ခုပဲ ဖြစ်ပါတယ်။

 

•           မိသားစုပြဿနာ

 

အဖေအမေ ဝနေရင် ကလေးလည်း ဝနေတာကို တွေ့ဖူးကြမှာပေါ့။ အထူးသဖြင့် lifestylesတူတဲ့ မိသားစုတွေဆို ပိုဆိုးပါတယ်။ ကယ်လ်လိုရီများတာပဲ စားပြီး လေ့ကျင့်ခန်း မလုပ်တဲ့ မိသားစုပေါ့။

 

•           စိတ်ပိုင်းဆိုင်ရာ ပြဿနာ

ကလေးတွေလည်း စိတ်ဖိစီးတတ်ပါတယ်။ သူတို့ရဲ့ စိတ်ဖိစီးမှုတွေ၊ မိသားစု ပြဿနာတွေ၊ မိဘတွေ အဆင်မပြေတာတွေကြောင့် ကလေးအဝလွန်နိုင်ပါတယ်။ သူတို့ရဲ့ စိတ်ညစ်တာတွေ၊ အထီးကျန် တာတွေ ပျောက်အောင်လို့ လူကြီးလိုပဲ အစားတွေ နင်းကန်စားတတ်ကြပါတယ်။

 

•           ပတ်ဝန်းကျင်ပြဿနာ

 

တချို့သော သူတွေက ပတ်ဝန်းကျင်အနေအထားအရ ဈေးကို ရောက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကြာရှည်ခံတဲ့ အစားအစာတွေ (ဥပမာ ခေါက်ဆွဲပြုတ်) ကို အများကြီးဝယ်ပြီး စားတတ်ကြပါတယ်။ နောက်ပြီး ခုလိုလူနေမှုကြပ်တည်းတဲ့ နေရာမှာ နေထိုင်တဲ့သူတွေအတွက် လေ့ကျင့်ခန်းလုပ်ဖို့၊ ကလေးတွေ ကစားဖို့ နေရာ ကျယ်ကျယ်ဝန်းဝန်း မရှိတာကလည်း ပြဿနာ တစ်ခုပဲ ဖြစ်ပါတယ်။

 

ဒီတိုင်းဆို ဘာဖြစ်လာနိုင်သလဲ

 

အဝလွန်တဲ့ ကလေးတွေအတွက် ကြာလာရင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာနိုင် ပါတယ်။

 

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

 

•           အမျိုးအစား ၂ ဆီးချိုရောဂါ

•           Metabolic syndrome လို့ ခေါ်တဲ့ သွေးပေါင်တက်တာ၊ သွေးတွင်းသကြားဓာတ်များတာ၊ ကောင်းတဲ့ ကိုလက်စထရောနည်းတာ၊ ဗိုက်မှာ အဆီစုတာ စတဲ့ ရောဂါစု (ဒါက နောက်ပိုင်းကျရင် အရွယ်မတိုင်ခင် နှလုံးရောဂါနဲ့ ဆီးချိုရောဂါကို ဖြစ်စေမှာပါ။)

•           သွေးတွင်းကိုလက်စထရောများခြင်းနဲ့ သွေးတိုးခြင်း (နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာ ဖြစ်လာနိုင်ပါတယ်။)

•           ပန်းနာရင်ကြပ်ရောဂါ

•           အိပ်ဟောက်ရှူရပ်ရောဂါ

•           အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ

•           အရိုးကျိုးလွယ်တာ စတာတွေ ကလေးမှာ ဖြစ်လာနိုင်ပါတယ်။

 

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ

 

•           ကိုယ့်ကိုယ်ကို ယုံကြည်ချက်နည်းလာတာ

•           အနိုင်ကျင့်ခံရတာ

•           စိတ်ပူပန်တတ်တာကြောင့် စာသင်ရခက်တာ

•           မသင့်တော်တဲ့ အပြုအမူတွေ လုပ်တာ

•           စိတ်ကျတာ စတာတွေ ခံစားရတတ်ပါတယ်။

 

ကလေး အဝမလွန်စေဖို့

ကလေး အဝမလွန်ဖို့အတွက် မေမေက

 

•           ကလေးကို ချိုလွန်းတာတွေ မကျွေးပါနဲ့။

•           သစ်သီးတွေ၊ အသီးအရွက်တွေ များများ ကျွေးပါ။

•           မိသားစုနဲ့အတူ စားပါ။

•           အပြင်ထွက်ပြီး စားတာကို တတ်နိုင်သမျှ လျှော့ပါ။ အထူးသဖြင့် အမြန်စား အစားအစာတွေပေါ့။

•           ကလေးနဲ့ လိုက်ဖက်တဲ့ ပမာဏပဲ ကျွေးပါ။

•           screen time ကို ထိန်းချုပ်ပါ။ screen timeမှာ တီဗွီကစလို့ ဖုန်းထိ အကုန်ပါပါတယ်။ ၂နှစ်အထက် ကလေးကို တစ်နေ့ ၂နာရီထက် ပိုမသုံးပါစေနဲ့။ ၂နှစ်အောက်ကလေးကိုတော့ လုံးဝမသုံးပါစေနဲ့။

•           ကလေးကို အိပ်ရေးဝဝ အိပ်ပါစေ။

 

ဒါ့ပြင် တစ်နှစ်တစ်ခါလောက် ကလေးကို ကျန်းမာရေးစစ်ဆေးမှု လုပ်ပေးပါ။ ပြောခဲ့သလိုပဲ ကလေးတစ်ယောက်ကို သာမန်ကြည့်ရုံနဲ့ အဝလွန်တယ်လို့ ပြောဖို့ ခက်ပါတယ်။ တိကျတဲ့ တိုင်းတာမှုတွေ၊ စစ်ဆေးမှုတွေ လုပ်မှသာ သိနိုင်မှာပါ။ ပြီးတော့ ကလေး အဝမလွန်အောင် စောစောစီးစီး ကာကွယ်ပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Dr. Htet Htet Zaw Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”