ကလေးတစ်ယောက်အောင်မြင်ဖို့ဆိုတာမှာ ဖေဖေမေမေတို့အနေနဲ့ ပညာရေးကောင်းအောင် သင်ပေး ရုံနဲ့ လုံလောက်ပြီလို့ထင်ပါသလား။ မေးစရာမေးခွန်းတစ်ခုက အောင်မြင်တဲ့သူတိုင်းမှာ ပညာအရည် အချင်း ကောင်းကောင်းပဲရှိကြတာလား။
အောင်မြင်ကျော်ကြားသူတိုင်းဟာ အရည်အချင်းကောင်းများစွာကို ပိုင်ဆိုင်ထားကြပါတယ်။ ပညာရပ် ဆိုင်ရာ ဗဟုသုတမှာ နှံ့စပ်ကြသလို ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းကြပါတယ်။ တကယ်တော့ အောင်မြင်သူ တစ်ယောက်အဖြစ် ပျိုးထောင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ပွားလေးကို ပညာအရည်အချင်းကောင်းအောင် သင်ပေးဖို့လိုသလို ကလေးကို စိတ်ခံစားမှု ထိန်းသိမ်းနိုင်စွမ်း (EQ) ကောင်းအောင် လုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။
EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ဆိုတာ
EQ ကို အရှည်ကောက် Emotional Quotient (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) လို့ခေါ်ကြပါတယ်။ Emotional Intelligence လို့လည်းခေါ်ကြတယ်။ EQ ဆိုတာက စိတ်ခံစားချက်တွေကို အကောင်းဆုံး ထိန်းချုပ်နိုင်တယ်၊ အခြေအနေကို လိုက်ပြီးအကောင်းဆုံးတုံ့ပြန်တတ်တယ်၊ အခြားသူတွေရဲ့ စိတ်အခြေ အနေကို အကောင်းဆုံးခန့်မှန်းတတ်ပြီး လိမ္မာပါးနပ်စွာ တုံ့ပြန်တတ်တဲ့ စိတ်ခံစားချက် ထိန်းသိမ်း နိုင်စွမ်းကိုခေါ်တာပါ။ EQ မြင့်တဲ့သူတွေဟာ လူတွေနဲ့ အကောင်းဆုံး ပေါင်းသင်းဆက်ဆံတတ်သူတွေ ဆိုရင်လည်း မမှားပါဘူး။
IQ နဲ့ EQ ဘယ်အရာက ပိုအရေးကြီးလဲ…………
IQ ဆိုတာက ဉာဏ်ရည်ဉာဏ်သွေးကိုခေါ်တာဖြစ်ပြီး EQ ဆိုတာက စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင် စွမ်းပါ။ IQ ကောင်းသူ တွေက ကျောင်းသင်ခန်းစာတွေကို လေ့လာသင်ယူရာမှာ အခက်အခဲမရှိ သင်ယူနိုင်ကြပေမယ့် EQ မြင့်သူတွေ ကတော့ လူမှုဆက်ဆံရေးမှာ အမှန်တကယ်အောင်မြင်ကြသလို ဘဝအောင်မြင်မှုကို အကောင်းဆုံး ဖန်တီးနိုင်ကြသူတွေပါ။ အောင်မြင်တဲ့ ဘဝတစ်ခုကို ဖန်တီးဖို့ဆိုရင် IQ ကောင်းတာထက် EQ ကောင်းဖို့က ပိုလိုအပ်ပါတယ်။
ကလေးကို EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ကောင်းစေဖို့
ကလေးတွေရဲ့ EQ ဆိုတာမျိုးက မွေးရာပါ ပါလာတဲ့အတိုင်းပဲ အမြဲရှိနေတာမျိုးမဟုတ်ပါဘူး။ ဒီအရည်အသွေး ဟာ လက်ဦးဆရာဖြစ်တဲ့မိဘတွေကနေ ပျိုးထောင်သင်ကြားပေးလို့ရတဲ့အရာ တစ်ခုဖြစ်ပြီး မိဘတွေရဲ့ ပျိုးထောင်မှုအပေါ်မှာ အပြည့်အဝနီးပါး မူတည်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် ကလေးကို EQ ကောင်းလာဖို့ ဘယ်လိုပျိုးထောင်ကြမလဲ။
၁။ ကလေးရဲ့ ခံစားချက်ကို အလေးထားပါ
မိဘတော်တော်များများက ကလေးရဲ့ ခံစားချက်ထက် သူတို့ရဲ့ ခံစားချက်ကို ပိုအလေးထားတတ် ကြပါတယ်။ ငယ်စဉ်ကတည်းက ကလေးတွေကို သူတို့ရဲ့ခံစားချက်ကို ဖော်ပြခွင့်ပေးတာ၊ သူတို့ရဲ့ ခံစားချက်တွေကို အလေးထားပြီး လက်ခံပေးတတ်တာက ကလေးကို အရွယ်ရောက်လာတဲ့အခါ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ကောင်းအောင် လုပ်ဆောင်ပေးတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ကိုယ့်ဆန္ဒကို ရှေ့တန်းတင်တာမျိုး မလုပ်ဘဲ ကလေးရဲ့ ခံစားချက်ကို အလေးထားပေးပါ။
၂။ ကလေးရဲ့ စိတ်ခံစားချက်ဖော်ပြမှုကို သင်ကြားပေးနိုင်မယ့် အခွင့်အရေးအဖြစ် အသုံးချပါ
ကလေးက သူ့ရဲ့စိတ်ခံစားချက်ကို ဖော်ပြလာတဲ့အခါ စိန်ခေါ်မှုတစ်ရပ်၊ ကိုယ့်ကို ကန့်လန့်တိုက်တဲ့ အရာတစ်ခုလို့ မတွေးလိုက်ပါနဲ့။ ကလေးနဲ့ကိုယ့်ကြားမှာ ဆက်သွယ်ပေးနိုင်မယ့်အရာတစ်ခု၊ ကလေးကို သင်ကြားခွင့်ရရှိစေနိုင်မယ့် အခွင့်အလမ်းလို့ သတ်မှတ်ပြီး အကောင်းဆုံးအသုံးချပေးပါ။ ဒီအခွင့်အလမ်း ကနေ အကောင်းအဆိုးခွဲခြားတတ်အောင် သင်ကြားပေးပါ။
၃။ နားထောင်ပေးပါ
ကလေးက သူ့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြတဲ့အခါ သေချာလေး အာရုံစိုက်ပြီး နားထောင်ပေးပါ။ သင်နားထောင်နေကြောင်း သေချာလေးတုံ့ပြန်ပါ။ ပြီးရင် ကလေးရဲ့ စိတ်ခံစားချက်ကို နားလည် ကြောင်း၊ ထပ်တူခံစားမိကြောင်း သေချာလေး ပြောပြ ပေးပါ။ ဒါက ကလေးကို Good Listener အဖြစ်ကြီးပြင်းလာစေဖို့ အကောင်းဆုံးအထောက်အကူဖြစ်စေမှာပါ။ ဒါကလည်း EQ ကောင်းစေဖို့ရာမှာ လိုအပ်တဲ့အချက်တစ်ခုပါ။
၄။ ခံစားချက်တွေကို ခွဲခြားပြသပေးပါ
ကလေးရဲ့ ခံစားချက်ကို သေချာနားထောင်ပြီးတဲ့အခါ ကလေးကို စိတ်ခံစားချက်တွေကို သေချာလေး အမည်တပ်ပေးလို့ ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ဘယ်လိုဖော်ပြရမလဲဆိုတာကို သင်ပေးပါ။ ငယ်စဉ်ကတည်းက ဒီလိုလုပ်ပေးတာက ကလေးကို EQ ကောင်းအောင် ပျိုးထောင်ပေးတဲ့ နည်းလမ်း တစ်ခုပါပဲ။
၅။ ပြဿနာတွေကို ဖြေရှင်းနိုင်အောင်သင်ပေးပါ
စိတ်ခံစားချက်တွေအားလုံးကို လက်ခံပေးဖို့က လွယ်ပေမယ့် အပြုအမူအားလုံးကို လက်ခံပေးဖို့က မလွယ်ပါဘူး။ ဒီတော့ ကလေးကို EQ ကောင်းသူတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့ဆိုရင် ကလေးကို ငယ်စဉ်ကစလို့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့စွမ်းရည်ကို သင်ကြားပေးရင်း စိတ်ခံစားချက်တွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ သင်ပေးပါ။
ဖော်ပြသင့်တာကို ဖော်ပြလို့ မဖော်ပြသင့်တာကို မဖော်ပြမိစေဖို့ပေါ့။ ဘယ်လိုအပြုအမူမျိုးကိုတော့ အများက လက်ခံမှာ မဟုတ်ဘူးဆိုတာမျိုးပေါ့။ ဒီလိုလုပ်ပေးတာက ကလေးကို ပန်းတိုင်တွေ ချမှတ်တတ်စေပြီး ချမှတ်ထားတဲ့ ပန်းတိုင်ဆီကို ရောက်ဖို့ရာမှာ မဖြစ်မနေကျော်လွှားဖြေရှင်းဖို့ လိုအပ်တဲ့ပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။
၆။ စာဖတ်ပြပါ။ စာဖတ်တဲ့အလေ့အကျင့်ပြုလုပ်ပေးပါ။
EQ ကောင်းတဲ့သူတွေဟာ စာဖတ်နာသူတွေဖြစ်နေတတ်ကြပါတယ်။ ကလေးကို စာဖတ်ပြတာ၊ စာဖတ်တတ်တဲ့ အရွယ်ရောက်လာတဲ့အခါ အီလက်ထရောနစ်ပစ္စည်းတွေအစား စာအုပ်တွေကို ချစ်တတ်အောင် အလေ့အကျင့်လုပ်ပေးတာက ကလေးရဲ့ EQ ဖွံ့ဖြိုးလာစေဖို့အတွက် အကောင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒီလိုဖော်ပြထားတဲ့အတိုင်း လေ့ကျင့်ပျိုးထောင်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ကလေးဟာ ဦးနှောက် ဉာဏ်ရည်တင်မကဘဲ စိတ်ပိုင်းဆိုင်ရာတွေမှာလည်း ရင့်ကျက်သန်မာတဲ့သူ တစ်ယောက ဖြစ်နေနိုင်မှာပါ။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”