ကလေး ၂၇ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ ရိုမန်ကတ်သလစ်သာသနာနယ်မှ  သာသနာပိုင် ဂိုဏ်းအုပ် ဆရာတော်ကြီး ဖဲလစ်လျန်ခင်းထန်၏ လမ်းညွှန်မှုနှင့်  ကျန်းမာရေး ကော်မရှင်၏ ဒါရိုက်တာ ဘုန်းတော်ကြီး စတီဗင်မန်လျန်းတွောင်(ခ)တွောင်ပီး ဦးဆောင်၍ နယ်လှည့်ဆေးကုသခြင်းနှင့် ကျန်းမာရေး ပညာပေးဟောပြောခြင်းကို နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ချင်းပြည်နယ်  တီးတိန်မြို့နယ် ခိန်းဇန်ကျေးရွာ အုပ်စု ဒိမ်ဇန်ကျေးရွာကိုအခြေပြု၍ မြွှတောင် ဖားတောင် (Gullu Mual)ဒေသအနီး ကျေးရွာများဖြစ် သည့် တွန်းဇံမြို့နယ် ရှာလ်ထောဇန်၊ တီးတိန်မြို့နယ် ဒိမ်ဇန်ကျေး ရွာနှင့် တပ်လမ်ကျေးရွာတို့၌ အခမဲ့ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ နယ်လှည့်ဆေးကုသပေးရာတွင် သွားနှင့် ခံတွင်းလူနာ ၂၂ ဦး၊  အသက် ၄၀နှစ် အထက် သွေးချိုဖောက်ပေးသူ ၆၀ ဦး၊  ငါးနှစ်အောက်ကလေး ၃၀ ဦး၊ အသက် ၆၀နှင့် အထက် ၄၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း ၅၈ ဦး၊ အသက်ရှူလမ်းကြောင်း ၃၇ ဦး၊ သွေးချို/သွေးတိုး ၂၆ ဦး၊ ကိုယ်ဝန်ဆောင်မိခင် နှစ်ဦး၊ မျက်မှန်စမ်းသပ်သူ ၁၈ ဦး၊ သွေးအုပ်စု စစ်ဆေးသူ ၁၄ ဦးစသည့် အထွေထွေ ရောဂါလူနာ စုစုပေါင်း ၃၁၂ ဦးတို့ကို အခမဲ့ စမ်းသပ်ကုသပေးသည့်အပြင် ကျန်းမာရေး ပညာပေးခြင်း အနေဖြင့် လက်သန့်ရှင်းရေး (သန့်လေးသန့်) အကြောင်း၊ မူးယစ်ဆေးဝါးနှင့် ခုခံအား ကျဆင်းမှု ရောဂါ(HIV) အကြောင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်းတို့ကို အသိပညာပေး ဟောပြောကြပြီး ကျေးရွာအလိုက် အိမ်ထောင်စုတစ်စုလျှင် ဆပ်ပြာခဲ နှစ်ခဲစီ အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြသည်။

 

 “ ကျွန်တော်တို့ရွာမှာ ကျန်းမာရေးကုသတဲ့လွှမ်းခြုံမှုအင်အားအလွန်နည်းပါးနေပါတယ်။ အခုလိုမျိုး အခမဲ့ ဆေးဝါးကုသမှုအတွက် အထူးကျေးဇူးတင်ပါတယ်။ ကျေးလက်ဒေသခံ ကျေးရွာလူထု တွေကို လည်း စိတ်ပိုင်းဆိုင်ရာ ကုသမြှင့်တင်ပေးသလိုပဲ ခံစားရပြီး အားရကျေနပ်မှုတွေ ရှိကြပါတယ် ” ဟု ဒိမ်ဇန် ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ ကွင်းဆင်းကုသပေးရာသို့ ရိုမန်ကက်သလစ် သာသနာကျန်းမာရေး ကော်မရှင်မှ ကော်မရှင် ဥက္ကဌ သွားနှင့်ခံတွင်းအထူးကုဆရာဝန်ကြီး(ငြိမ်း) ဒေါက်တာ စီမုန်ထွမ်ခန့်ဆွမ်၊ ကလေးခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အထွေထွေရောဂါကုဆရာဝန် (ဒုတိယခရိုင်ဦးစီးမှူး) ဒေါက်တာ ဂိုခန့်နွမ်း၊ လက်ထောက် ဆရာဝန် ဒေါက်တာ မန်းရှင်းဒိမ်(ဝယ်စလီဆေးရုံ)နှင့် လက်ထောက်ဆရာဝန် ဒေါက်တာ ဝီလျံအွန်လမ်ခွာလ် (ပြည်သူ့ ဆေးရုံ)၊ သူနာပြု ဦးစီးအရာရှိ(ငြိမ်း) ဒေါ်ညောင်လျန်းကျိန် အပါအဝင် ဆေးကုသအဖွဲ့ စုစုပေါင်း ၃၇ ဦးတို့ လိုက်ပါ၍ ဆေးကုသပေးခဲ့ကြကြောင်း သိရသည်။

 

ချင်းတွင်းသား