နေပြည်တော် ၂၆ ဇွန်
လူ့ဘဝသို့ ရောက်ရှိလာသည့် ကလေးငယ်တစ်ယောက်၏ ပထမဆုံး သုံးနှစ်တာကာလတွင် ဦးနှောက်၏ ၈၀ ရာခိုင်နှုန်းခန့် ဖွံ့ဖြိုးပြီး အသက် ရှစ်နှစ်အထိ ကာလတစ်လျှောက်သည် ကလေးငယ်များ၏ ဉာဏ်ရည်နှင့် ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံး အချိန်ဖြစ်သည်။ ထိုအရွယ်မှာပင် ဘာသာစကားကို သင်ယူမှုနှင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှု၊ မိသားစု အပါအဝင် အနီးမှ လူများ၏ ဓလေ့စရိုက်၊ အပြုအမူတို့ကို အတုခိုးမှုတို့ကို ပြုလုပ်ကြသည်။ ငယ်စဉ်ဘဝမှာ ကျင်လည်ကြီးပြင်းခဲ့ရသည့် မိသားစုနှင့် ပတ်ဝန်းကျင်အခြေအနေတို့က ကလေးတစ်ယောက်၏ အနာဂတ်ဘဝ အပေါ်တွင် အကျိုးသက်ရောက်မှု ရှိသည့်အလျောက် ငယ်ဘဝကတည်းက ကလေးငယ်များ၏ ကိုယ်ကာယကျန်းမာ ကြံ့ခိုင်ရေးနှင့်အတူ ဉာဏ်ရည်ဖွံ့ဖြိုးရေး၊ စိတ်ခံစားမှုဖွံ့ ဖြိုးရေးတို့ကိုပါ လေ့ကျင့်သင်ကြားပေးကြရန် သုတေသီတို့က အကြံပြုကြသည်။
ကလေးများ ပျော်ရွှင်စွာဖြင့် ပညာဗဟုသုတများ ရှာဖွေလိုစိတ်တို့ ရင့်သန်လာစေရန်၊ စာဖတ်ခြင်းကို နှစ်သက်ပျော်မွေ့ပြီး စာပေမှတစ်ဆင့် သုတနှင့် ရသခံစားမှုတို့ ခံယူရရှိနိုင်ကြစေရန်အတွက် ကလေးစာပေပွဲတော်များကို ကျင်းပလာခဲ့သည်မှာ သုံးနှစ်သုံးမိုးပင် ရှိခဲ့ပြီဖြစ်သည်။ ကလေး စာပေပွဲတော်များတွင် ပါဝင်ဆင်နွှဲကြရင်း ကိုယ်ကာယကြံ့ခိုင်ရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးရေးနှင့် ခံစားမှုဖွံ့ဖြိုးရေးတို့အတွက် အတွေ့အကြုံများကိုလည်း ရရှိနိုင်ခဲ့ကြသည့်အပြင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် နှင့် စုပေါင်းလုပ်ဆောင်လိုသည့် စိတ်ဓာတ်တို့ကိုပါ ရရှိနိုင်ကြသည်။
“ကလေးများသည် စာဖတ်ခြင်းမှ မသိသေးသည့် အကြောင်းအရာများကို စာပေမှ သိရှိလာမည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင် ခေါင်းဆောင်မည့်ကလေးများသည် စာဖတ်ခြင်းတွင် မွေ့လျော်ပြီး စာပေသည် မိတ်ဆွေဖြစ်သည်ဆိုသည့် သဘောမျိုးခံယူသွားမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ သန္ဓေတည်စိတ်ရှိစေရန် မိဘဆရာသမားများက ဝိုင်းဝန်းကူညီအားပေးပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ ကလေးများအတွက် စာဖတ်ခန်းများ ရှိစေရန်၊ စာကြည့်တိုက်များဖြစ်မြောက်လာစေရန် ဝိုင်းဝန်းအားပေး ကူညီကြရန် လိုအပ်ပါကြောင်း၊ ကလေးများအတွက် စာကောင်း ပေကောင်းဖတ်ရှုနိုင်ရန်၊ လက်လှမ်းမီနိုင်ရန်အတွက်လည်း မိဘဆရာများက ဝိုင်းဝန်းပံ့ပိုးကြရန် လိုအပ်ပါကြောင်း” စသည်ဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဇွန် ၂၅ ရက်က ကျင်းပသည့် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်း အနား၌ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်က အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ကလေးများနှင့် စာအုပ်စာပေတို့ ရင်းရင်းနှီးနှီး ထိတွေ့နိုင်စေရေးအတွက် အရေးကြီးသော အချက်များ ပင်ဖြစ်သည်။
လေးစာပေဟူသည် ကလေးများဖတ်ရှုဖို့ပင်ဖြစ်သည့်အလျောက် ကလေးများ စိတ်ဝင်စားဖွယ် ဖြစ်သော၊ ကလေးများနှင့် လိုက်ဖက်ဆီလျော်သော၊ ကလေးများ ဖတ်ရှုနားလည်နိုင်ပြီး ဗဟုသုတကြွယ်ဝနိုင်စေသော စာအုပ်စာပေများကို ရေးသားပြုစု ဖန်တီးထုတ်လုပ်နိုင်ကြရန် လိုအပ်သကဲ့သို့ ကလေးများအတွက် စာအုပ်စာစောင်များကို ကလေးများနှင့် လက်တစ်လှမ်းအမီတွင် ထားရှိရမည်လည်းဖြစ်သည်။ ဦးနှောက်နှင့် ဉာဏ်ရည်တို့ လျင်လျင်မြန်မြန် ဖွံ့ဖြိုးနေဆဲအရွယ်၊ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို အခံရဆုံးအရွယ်ဖြစ်သည့် ကလေးငယ်များအတွက် ကလေးစာပေများ ဖတ်ရှုနိုင်မည့် ကလေးစာဖတ်ခန်း၊ ကလေးစာကြည့်တိုက်များ မြို့တိုင်း၊ ရွာတိုင်း၊ ကျောင်းတိုင်းမှာ ဖန်တီးပေါ်ပေါက်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း