mdn

သတင်းဆောင်းပါး - ကိုငြိမ်းငယ်(ကျွန်းဒေါင့်)

 

ကျွန်ုပ်တို့လူသားများသည် ချစ်ခင်ယုယမှုကို ခံယူလိုခြင်း၊ အောင်မြင်မှုများ ရရှိလိုခြင်း စသော အခြေခံလိုအင်ဆန္ဒ များကို မမွေးဖွားမီ သန္ဓေတည်ဆဲအခါကပင် ရှိပြီးဖြစ်လေ သည်။ အချိန်ကာလအားလျော်စွာ အကြောင်းအခွင့် မတိုက်ဆိုင်သေး၍သာ ၎င်းဆန္ဒများက သိသာထင်ရှားမပြ သေးဘဲ ခဏတာပုန်းကွယ်နေသယောင်ရှိနေခြင်းဖြစ် သည်။ ဥပမာဆိုရသော် အလွန်သေးငယ်သော ညောင်စေ့။ နှမ်းစေ့တို့တွင် ကြီးထွားရှင်သန်၍ ပွင့်စေသီးစေသော ဗီဇ များပါရှိ၍ အကြောင်းအခွင့်တိုက်ဆိုင်သောအခါ ရှင်သန် ကြီးထွားလာကြသည်။ ထို့အတူပင် လူသားများ၏ အခြေခံ လိုအင်ဆန္ဒများသည် အကြောင်းအခွင့်တိုက်ဆိုင်၍ အရွယ် ရောက်သောအခါ ရှင်သန်လာကြသည်။

 

လူသားများ၏ အောင်မြင်ကျော်ကြားလိုမှုနှင့် ပတ်သက်၍ ၎င်းဆန္ဒသည် အဖွဲ့အစည်းများနှင့်တွေ့သော အခါ နိုးကြားရှင်သန်လာသည်။ စာသင်ကျောင်းသို့ မတက် ရောက်နိုင်သေးသော ကလေးငယ်များသည် မိဘ၏အရိပ် အောက်တွင်နေရပြီး အဖွဲ့အစည်းဟူ၍ ကောင်းမွန်စွာမထိ တွေ့ဖူးသေးချေ။ မိဘအိမ်၏ အနီးဆုံးပတ်ဝန်းကျင် လောက်သာ ရှိပေသည်။ စာသင်ကျောင်းသို့ ရောက်လာ သောအခါ အပေါင်းအဖော်အမျိုးမျိုး၊ အဖွဲ့အစည်း အမျိုးမျိုး၊ ပတ်ဝန်းကျင်အမျိုးမျိုးနှင့် ထိတွေ့လာရသည်။ ထိုအခါ အောင်မြင်ကျော်ကြား လိုမှုဆန္ဒသည်လည်း ရှင်သန်ကြီးထွား လာသည်။

 

စာသင်ခန်းအတွင်း၌ ဆရာများနှင့် အပေါင်းအဖော် သူငယ်ချင်းများက အသိအမှတ်ပြုခြင်းမခံရသော ကလေး ငယ်များသည် သူတို့ကို အသိအမှတ်ပြုလာအောင်၊ တစ်နည်းအားဖြင့် ကျော်ကြားစေလိုမှုတို့ကြောင့် ကြိုးစား အားထုတ်လာသည်။ ထို့ကြောင့် စာကြိုးစားလာသော ကလေးများ ရှိသလို သူတို့၏ အားသာချက်များအလျောက် သူတို့၏ ကစားစရာပစ္စည်းများကိုသူငယ်ချင်းများမြင်သာလာအောင် ယူဆောင်လာခြင်း၊ မိဘများထံမှ မုန့်ဖိုးပိုက်ဆံများ ပို၍ တောင်းယူလာတတ်ခြင်း စသည့်အကြောင်းအချက်များ သည် ကလေးများအကြားတွင် တွေ့မြင်နေကျဖြစ်သော  ကျော်ကြားလိုမှုတို့၏ ကြိုးစားမှုပြယုဂ်ပင် ဖြစ်လေသည်။ သို့သော် ကျော်ကြားလိုမှု၊ အောင်မြင်လိုမှုနှင့် ပတ်သက်၍ ကြိုးစားအားထုတ်ရာတွင် အချို့ကလေးများသည် မေးခွန်းများ တရစပ်မေးမြန်းခြင်း၊ အခြားသောကလေးများအပေါ် ဗိုလ်ကျအနိုင်ယူတတ်ခြင်းဖြင့် အောင်မြင်ကျော်ကြားမှု ရရှိစေရန် ကြိုးစားအားထုတ်သည်များလည်း ရှိလေသည်။ စာပေပညာနှင့် ပတ်သက်၍ ထူးချွန်ကျော်ကြားမှု မရရှိခြင်းကြောင့် အခြားသောကလေးများအပေါ် ဗိုလ်ကျအနိုင်ယူခြင်းဖြင့် သူတို့အတွက် ကျော်ကြား အောင်မြင်မှုကို အစားထိုးရယူခြင်းပင်ဖြစ်သည်။

 

ထိုအခါ လူကြီးမိဘများ၊ ဆရာ၊ ဆရာမများ၏ အမြင်တွင် ဤကလေးသည် သူများအပေါ်တွင် ဗိုလ်ကျအနိုင် ယူခြင်းကြောင့် သူ၏အကျင့်စရိုက်များကို ပြုပြင်ပေးရမည့် ကလေး၊ အနည်းနှင့်အများဆိုသလို ဆိုးသော ကလေးဟု သတ်မှတ်ကြသည်က များလေသည်။ ကလေးများကို ဆုံးမ ပေးရာတွင် အများစုသည် ချော့၍ ဆုံးမခြင်း၊ ခြောက်၍ ဆုံးမခြင်း၊ ကလေး အလိုရှိသည့်အရာကို ရစေ၍ ဆုံးမပေး ကြသည်က များလေသည်။ ကျောင်းနေခါစအရွယ် ကလေး များသည် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်မှုနည်းနေသေး သောကြောင့် ဆရာ၊ ဆရာမများ၏ ဆုံးမပဲ့ပြင်ပေးမှု အခန်း ကဏ္ဍသည် များစွာအရေးကြီးပေသည်။

 

 

အချို့သောပုဂ္ဂိုလ်တို့မှာ ကလေးကိုဆုံးမပေးရာတွင် ကြိုးကြိုးစားစားနှင့် အတတ်နိုင်ဆုံး သွန်သင်ပေးကြရှာပါ သည်။ သို့ရာတွင် အချိန်ကာလကြာအောင် သွန်သင်ပေး သော်လည်း ကလေးက မလိုက်နာနိုင်လျှင် “ဘယ်လိုဆိုး သည်၊ ဘယ်လောက်ဆိုးသည်” ဟူ၍သာ အချင်းချင်းပြောဆို ကြသည်က များလေသည်။ ကလေးကို ချော့၍တစ်မျိုး၊ ခြောက်၍တစ်ဖုံဖြင့် ဆုံးမသွန်သင်ပေးကြသည်က များလေ သည်။ ထိုအခါ ကလေးသည် ထိုလူရှေ့တွင်သာ လိုက်နာနေ နိုင်သော်လည်း သူ့စိတ်ထဲတွင် ဘဝင်မကျနိုင်ပေ။ထို့ကြောင့် မကြာခဏဆိုသလို သူ့အပြုအမူကြောင့် ဆိုးသည်ဟုပြောဆိုခံရပြန်သည်။ ကလေးအပေါ်တွင် ဘယ်လိုဆိုးသည်။ ဘယ်လောက် ဆိုးသည်ကို မြင်နေခြင်းထက် ဘာကြောင့်ဆိုး ရသည်ဟူသောအချက်ကို ရအောင်ရှာ၍ ဆုံးမသွန်သင် ပဲ့ပြင်ပေးခြင်းက သာ၍ကောင်းလေသည်။ ထို့ကြောင့် “ဘယ်လိုနှင့် ဘာကြောင့်”ဟူသောစကားတွင် မည်သည်က အရေးပါထိရောက်သည်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦး၏ ကမ္ဘာကျော်ဖြစ်ရပ်ကို အကျဉ်းချုံ၍ တင်ပြလိုပါသည်။

 

ထိုသူကား ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး သောမတ် အယ်လ်ဗာ အက်ဒီဆင် ပင်ဖြစ်သည်။ သူသည် ငယ်စဉ်အခါ က စာသင်ကျောင်းကို နှစ်လခန့်သာ နေဖူးလေသည်။ အကြောင်းမှာ သူနားမလည်သောအရာ၊ သူ့စိတ်တွင် ဘဝင် မကျ မရှင်းလင်းသည်များကို တရစပ်မေးမြန်းနေခြင်း ကြောင့် ညံ့ဖျင်းသောကလေး၊ အလိုက်မသိ၍ ဆိုးသော ကလေး၊စာသင်၍ရမည့်ကလေး မဟုတ်ဟု အပြောခံရပြီးကျောင်းထွက်ခဲ့ရလေသည်။သူ၏ ဆရာ၊ဆရာမများသည် သူ့အား ဘယ်လိုညံ့တာပဲ၊ ဘယ်လို ဆိုးတာပဲ၊ ဘယ်လို မေးနေတာပဲဟူ၍သာ ပြောဆိုကြသော်လည်း ဘာကြောင့် မေးနေသည်ကိုတော့ စိတ်မဝင်စားခဲ့ပေ။ သူ၏မိခင်ဖြစ်သူမှာကား အက်ဒီဆင်လေးက ဘာကြောင့် မေးခွန်းများမေးနေသည်ကို သိမြင်သည်။ ထို့ကြောင့် သူအနေဖြင့် တတ်သိသလောက်ရှင်းပြသင်ကြား၍ စာသင်ပေးခဲ့သည်။ အက်ဒီဆင် လေးသည် သူ၏မိခင်ထံမှ သင်ယူလေ့လာရင်းဖြင့် သူကိုယ်တိုင် ရေးတတ်၊ ဖတ်တတ်၊ လေ့လာတတ်လာသော အခါ မိခင်ကသင်ကြားပေးသည်ကို မရောင့်ရဲနိုင်တော့ပေ။ အတတ်ပညာ၊ အသိပညာများကို ကြိုးစား၍လေ့လာသည်။ သူ့တွင်ရှိသမျှ ပစ္စည်းများနှင့် စူးစမ်းလေ့လာမှု၊ စမ်းသပ်မှု တို့ကိုထပ်ခါထပ်ခါပြုလုပ်သည်။ စွဲမြဲထက်သန်သောစိတ်ဖြင့် ကြိုးစားသောကြောင့် နောက်ဆုံးတွင် သာမန်လူသားဘဝမှ ကြီးကျယ်ခမ်းနားသော အောင်မြင်ကျော်ကြားသည့် တီထွင်မှု ပါရဂူကြီးဘဝသို့ အရောက်လှမ်းနိုင်ခဲ့လေသည်။ ယခုအခါ တွင် ညအချိန်ကို နေ့ခင်းအချိန်ပမာ အလင်းရောင်ပေးစွမ်း နေသည်မှာ အက်ဒီဆင်၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ သူ၏ လျှပ်စစ်မီးအစွမ်းဖြင့် ကမ္ဘာကြီး၏လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသော ကဏ္ဍအသီးသီးကို တိုးတက်နေစေသည် မှာ ယနေ့ခေတ်မျက်မြင်ပင်ဖြစ်လေသည်။ ထို့ပြင် အက်ဒီဆင် သည် တီထွင်မှုပေါင်း ၂၅၀၀ ကျော်ကို မူပိုင်ပြုလုပ်ထား နိုင်ခဲ့သည်။ ထိုအရာများကိုကြည့်လျှင် သူသည် တစ်ပွဲတိုးကောက်ရိုးမီးလို စိတ်မျိုးဖြင့် ကြိုးစားခဲ့ခြင်းမဟုတ်ဘဲ ပြင်းပြထက်သန်သော ကြိုးစားမှုမျိုးဖြင့် အောင်ပွဲအခါခါ နွှဲခဲ့သော ပုဂ္ဂိုလ်ထူးပင်ဖြစ်ကြောင်းကို သူ၏အောင်မြင်မှု အသီးအပွင့်များက သက်သေထူလျက်ရှိပေသည်။

 

ထို့ကြောင့် ကျွန်ုပ်တို့နိုင်ငံ၏ ဘက်စုံဖွံ့ဖြိုးရေးအတွက် ပခုံးပြောင်းတာဝန်ယူကြမည့် မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်ပေးကြသည့် ဆရာ၊ ဆရာမများသည် ပို၍ပင် သတိထားကြရပါမည်။ ကလေးတစ်ယောက်သည် သာမာန် ကလေးများနှင့်မတူဘဲဆိုးနေ၍ဖြစ်စေ၊ ထူးခြားနေ၍ဖြစ်စေ ဘယ်လိုဆိုးသည်၊ ဘယ်လောက်ဆိုး သည်ကို စကားဖောင်ဖွဲ့ နေကြမည့် အစား ထိုကလေးများ၏ အားသာချက်၊ အားနည်းချက်များကို စုပေါင်းလေ့လာ၍ လိုအပ်သည် များကို ဖြည့်ဆည်းပေးကြမည်ဆိုလျှင် ရလဒ်ကောင်းများ  ရရှိလာကြမည်မှာ မြေကြီးလက်ခတ်မလွဲပါပေ။ မျိုးဆက်သစ်ကလေးငယ်များကိုလည်း အပြုသဘောဆောင်သည့် အောင်မြင်မှုများရရှိအောင် ပြုစုပျိုးထောင်ပေးနိုင်သော ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြစေကြောင်း ဆုတောင် းရေးသားလိုက် ရပါသည်။ ။