ကလေး၊ ၁၅ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် အမှတ်(၂) စက်မှုလယ်ယာစခန်းမှ စပါး၊ ဂျုံ၊ ပြောင်း တင်း ၄၀ဝ ဆံ့ အခြောက်ခံစက်(Dryer) သရုပ်ပြပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၉ နာရီက အဆိုပါရုံး ဝင်းအတွင်း၌ ကျင်းပသည်။
သရုပ်ပြပွဲတွင် တက်ရောက်လာကြသူများအား ကလေးခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှဌေးက အခြောက်ခံစက်(Dryer)ဖြင့် ဆင်းသုခ၊ ဧရာမင်းစပါးများ အခြောက်ခံပုံ အဆင့်ဆင့်ကို လက်တွေ့ပြသသည်။
အဆိုပါ စပါး၊ ဂျုံ၊ ပြောင်း တင်း ၄၀ဝ ဆံ့ အခြောက်ခံစက်(Dryer)စက်မှာ ကိုရီယားနိုင်ငံထုတ် Hsd 85 Rd ဖြစ်ပြီး Grain Circulation အမျိုးအစားဖြစ်ကာ အခြောက်ခံစက်(Dryer) အသုံးပြုခြင်းဖြင့် စံချိန်မီ အရည်အသွေး ကောင်းမွန်သော စပါးများအား အချိန်ကြာကြာ သိုလှောင်ထားနိုင်ခြင်း၊ လုပ်အားခ သက်သာခြင်း၊ အခြောက်ခံပြီး စပါးများအနေဖြင့် အမှိုက်၊ အမှုန်အမွှားကင်းစင်ပြီး သန့်စင်သည့် စပါးများ ရရှိခြင်း၊ စပါးများကြိတ်ခွဲရာတွင် အရည်အသွေးကောင်းမွန်သော ဆန်များရရှိခြင်းတို့ကြောင့် ဈေးကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ သရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲမင်းလှ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


