ကလေး ၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့တွင် တစ်နေ့လျှင် စပါးတင်း ၄၀ဝ အခြောက်ခံပေးနိုင်ပြီး စပါးအပြင် အခြားသီးနှံများ အခြောက်ခံစက် စတင်လည်ပတ်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က စက်မှုလယ်ယာ ရုံးဝင်းအတွင်း ပြုလုပ်ခဲ့သည်။
“စစ်ကိုင်းတိုင်းအတွင်းမှာ စပါးအခြောက်ခံစက် ငါးလုံးရှိပါတယ်။ စပါးအခြောက်ခံစက်ခြင်း မတူပါဘူး။ အပူပေးတဲ့စနစ်တွေ ကွာပါတယ်။ ကလေးမြို့နယ်အတွက် ရရှိတဲ့စပါးအခြောက်ခံစက်က ဒီဇယ်နဲ့ အပူပေးတဲ့စနစ်ပါ။ သူ့ရဲ့အပူချိန် ၆၀ ဒီဂရီအထိကို ချိန်ထားပြီးတော့ ကိုယ်လိုချင်တဲ့ အမှတ်မရောက်မချင်း အပူပေးတာပါ” ဟု ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဌေးက ပြောသည်။
တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းတွင် စပါးအခြောက်ခံနိုင်ရုံသာမကဘဲ ဂျုံနှင့် ပြောင်းများကိုလည်း အခြောက်ခံ၍ရပြီး စပါးနှင့် အခြားသီးနှံများ အခြောက်ခံစက်အသုံးပြုပုံ ပညာပေးကာလတွင် တောင်သူများထံမှ အခကြေးငွေ ကုန်ကျမှုမရှိစေဘဲ ပညာပေးကာလပြီးဆုံး၍ လုပ်ငန်းများ အမှန်တကယ် လည်ပတ်သည့်အချိန်တွင် ကုန်ကျသည့် ဒီဇယ်ဆီဖိုးနှင့် စပါးပိုင်ရှင်တို့၏ လုပ်အားဖြင့် လုပ်ကိုင်နိုင်ပြီး စက်ဖိုးအခမဲ့စနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြောက်ခံစက် စတင်လည်ပတ်ခြင်း အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ)ရှားမီးနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့သည်။
ချင်းတွင်းသား